မဲခေါင် – လန်ချန်းဒေသ ရိုးရာအက ပွဲတော် (Traditional Dance Festival) ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် မဲခေါင်- လန်ချန်း ဒေသတွင်းနိုင်ငံများ  ပူးပေါင်းဖျော်ဖြေသည့် မဲခေါင်-လန်ချန်းဒေသ ရိုးရာ အကပွဲတော် (Traditional Dance Festival) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌  Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ် ရုံးမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေး အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  ပွဲတော်တွင်  ပါဝင်ဆင်နွှဲကြသည့် မဲခေါင်ဒေသတွင်း နိုင်ငံများမှ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အမှာစကား ပြောကြားရာတွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏     ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့်အကောင်အထည် ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေး South South Cooperation  ကို တိုးမြှင့်သွားရန်တို့ဖြစ်ကြောင်း။

ယခုပွဲတော်ကျင်းပခြင်းဖြင့် ပွဲတော်၏ ရည်ရွယ်ချက်ဖြစ်သော Unity is Diversity ဆိုသည့်အတိုင်း မဲခေါင်-လန်ချန်းဒေသတွင်းရှိ နိုင်ငံများသည် မတူကွဲပြားသော်လည်း ယဉ်ကျေးမှုများမှာ ဆက်နွှယ်ပြီး အခြေခံအားဖြင့် တူညီမှုရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် MLC တစ်နိုင်ငံချင်းစီ၏ ရိုးရာအက တင်ဆက်မှုများကို လေ့လာပြီး အမြင်ချင်းဖလှယ်ခွင့် ရရှိသော အခွင့်အလမ်းများ ရရှိခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ ကွဲပြားမှုများကို သိရှိလေ့လာနိုင်ရန်၊ တိုင်းတစ်ပါး ယဉ်ကျေးမှု လွှမ်းမိုးလာခြင်းနှင့် ရုပ်ဝတ္ထုများ နည်းပညာဖွံ့ဖြိုး တိုးတက်မှုတို့ကြောင့် MLC ဒေသတွင်း နိုင်ငံများအနေဖြင့် တူညီသော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မဲခေါင် – လန်ချန်းဒေသတွင်းရှိ အနုပညာရှင် လူငယ်များအကြား ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။

ယခုကျင်းပသည့်ပွဲတော်၌  မိမိတို့၏ ဒေသတွင်း နိုင်ငံတိုင်းတွင်  ရှိပြီးဖြစ်သည့် သမိုင်းကြောင်းရှည်လျားပြီး အလွန်တရာမှ တန်ဖိုးကြီးမြင့်လှသော ရိုးရာသုခုမအက ပညာရပ်များကို နိုင်ငံတစ်နိုင်ငံချင်းစီသာမက နိုင်ငံအားလုံးက စုပေါင်းထိန်းသိမ်းကြပါရန်၊ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုများစွာဖြင့် ကူးလူးဆက်ဆံပြီး ရိုးရာယဉ်ကျေးမှု အနု ပညာအကများကို ယဉ်ကျေးမှု ဖလှယ်ကြရန်နှင့် မျိုးဆက်သစ်လူငယ်များအား လက် ဆင့်ကမ်းမျှဝေနိုင်ကြရန် လေးနက်စွာ တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသံရုံး အကြီးအကဲ Ms.Cao Jing နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့(မြန်မာ)မှ  ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး Theme Song ဖြင့် ဂုဏ်ပြုတေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ရိုးရာအကပွဲတော်သို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တရုတ်ပညာရှင် Ms.Feng Mi  က မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ လေ့လာဆည်းပူးခဲ့ရမှုများကို လည်းကောင်း၊ Mr.Shen Chenက တရုတ်နိုင်ငံရှိ ရိုးရာ ယဉ်ကျေးမှုအကြောင်းနှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကို  စာပေနှင့် အနုပညာဖြင့် မြှင့်တင်ခဲ့ကြပုံတို့ကို လည်းကောင်း၊ မြန်မာနိုင်ငံမှ ဆရာမကြီး ဒေါ်စန္ဒာခင်က မြန်မာ့ယဉ်ကျေးမှု အကြောင်းနှင့်  ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေး ပြောကြားကြသည်။

ယင်းနောက် မဲခေါင်-လန်ချန်းဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ အနုပညာရှင်များက မိမိတို့နိုင်ငံ၏ ရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင်-လန်ချန်း ဂုဏ်ပြုသီချင်း  “We are Family One” သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။