တဖြည်းဖြည်းဝလာတာ ဘာကြောင့်လဲ

စာရေးသူ၏ သမီးငယ်တစ်ဦးသည် အသက် ၂၆ နှစ်ကျော်တွင် တဖြည်းဖြည်းဝလာသဖြင့် သူ့ကိုယ်သူစိတ်ပျက် နေသည်။ တစ်ခါတစ်ရံတွင် ညစာမစားဘဲနေသည်။ အဆီအအိမ့်များကို ရှောင်စားသည်။ သံပရာရည်ကို အဆီကျ သည်ဆို၍ နေ့စဉ်သောက်သည်။ သို့သော်လည်း ဝမြဲဝလာနေသည်ကိုတွေ့ရသည်။ သူ့တွင် အလုပ်တာဝန်များပြား သဖြင့် Gym ကစားချင်သော်လည်း အချိန်မရသဖြင့် မကစားနိုင်ရှာပေ။

အခြားဝလာသူတစ်ဦးမှာ စာရေးသူ၏ တူမ၊ သမီးနှင့်အတူ တစ်အိမ်တည်းနေသူပင် ဖြစ်သည်။ သူသည်လည်း အသက် ၃၀ နားနီး အပျိုကြီးဖြစ်သည်။ သူကိုယ်တိုင်က ဆရာဝန်မတစ်ဦးဖြစ်ပြီး ဆေးရုံကြီးတစ်ရုံတွင် တာဝန် ကျနေသည်။ တစ်ဖက်မှာလည်း ဆေးပညာမဟာဘွဲ့တက်နေသူဖြစ်သည်။ ဆေးရုံလည်း ဆင်းရ၊ သင်တန်းလည်း တက်ရ၊ ကျောင်းစာလည်း ကျက်ရ၊ တစ်နေကုန်မအားရသည့်ကြားကပင်တစ်နှစ်အတွင်း ပေါင် ၂၀ ကျော်တိုးပြီး ဝလာသည်။ မနှစ်က အင်္ကျီတွေမတော်တော့။ ဗိုက်ပူခါးတုတ်ဖြစ်လာသဖြင့် သူ့ကိုယ်သူမကျေနပ်ဖြစ်နေသည်။ သူ့မှာလည်း  ဆေးရုံဂျူတီ နေ့၊ ညပြောင်းလဲကျနေသဖြင့် အားကစားလုပ်ရန် အချိန်မရှိပေ။

ဝလာသည့်သမီးနှင့်တူမတို့ကို စာရေးသူလေ့လာကြည့်သောအခါ သူတို့နှစ်ဦးလုံးသည် အလုပ်တာဝန်များ ကြသည်မှာ  မှန်သော်လည်း ညပြန်ရောက်လာသည်နှင့် စာဖတ်စရာရှိလျှင် ဖတ်၊ ပြီးသည်နှင့်ဖုန်းကိုယ်စီဖြင့်  ဖုန်းပွတ် နေကြသည်ကို  တွေ့ရသည် ။တစ်ခါတစ်ရံ ည ၁၂ နာရီကျော်သည်အထိ မီးမှောင်ချထားသော်လည်း သူတို့ဖုန်း အလင်းရောင်များကို မြင်နေရသည်။

ထိုသို့ ည ၁၂ နာရီကျော်အထိ ဖုန်းပွတ်နေသောသမီးများသည် မနက်တွင်လည်း စောစောမထနိုင်ကြ။ စာရေးသူတို့ လူကြီးများက နံနက်စောစောထပြီး ကျုံးနံဘေး လေကောင်းလေသန့်ရသည့်နေရာမှ လမ်းလျှောက်ပြီး ပြန်လာချိန် အထိ သူတို့မှာ မထနိုင်ကြသေး။ တစ်ခါတစ်ရံ ဆေးရုံဂျူတီရှိသဖြင့် နှိုးစက်ပေးထားပြီး စောစောထပြေးရသော ရက်များ ရှိသော်လည်း ပုံမှန်အားဖြင့် နံနက်စောစောမထကြ၊ မထနိုင်ကြသည်ကိုတွေ့ရသည်။

ဤသည်မှာ ညက ညဉ့်နက်ခံပြီး ဖုန်းပွတ်ထားကြသည့်အကျိုးပင်ဖြစ်တော့သည်။

အိပ်ရေးပျက်ခြင်း၊ အထူးသဖြင့် ညဉ့် ၁၁ နာရီကျော်သည်အထိ မအိပ်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ တစ်နေ့၊ တစ်ရက် အိပ်ရေးပျက်လျှင် ကိစ္စမရှိသော်လည်း နေ့စဉ်ရက်ဆက်အိပ်ရေး ပျက်လာလျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

ကျန်းမာရေး ထိခိုက်သည်ဆိုသဖြင့် လူမမာဖြစ်သွားသည်ဟုဆိုလိုခြင်းမဟုတ်ပါ။ အိပ်ရာထဲလဲမှ ကျန်းမာရေး ထိခိုက်သည်ဟု ယူဆလျှင် မှားယွင်းသော ယူဆချက်ဖြစ်သည်။

ကျန်းမာရေးသည် အိမ်နှင့်တူသည်။ အိမ်ကြီးက ဆေးသုတ်ထားပြီး အပြင်ပန်းအမြင်တွင် လှပနေသော်လည်း အတွင်းမှအိမ်တိုင်များ၊ ကြမ်းခင်းများ ဆွေးမြည့်နေလျှင်၊ အတွင်းလှိုက်ပြီး ပိုးစားနေလျှင် တစ်နေ့တွင် ရုတ်တရက် ပြိုကျသွားနိုင်သည်ကို သတိပြုဖို့လိုသည်။

“အကောင်းကြီး၊ မနက်ကပဲတွေ့လိုက်သေးတယ်။ ညနေကျတော့ လဲကျပြီး ရုတ်တရက် ဆုံးသွားတယ်” ဆိုသူများသည် အပြင်ပန်းကောင်းနေသော်လည်း အတွင်းကလီစာ၊ အသည်း၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် စသည့် အရာများတွင် ရောဂါရင့်နေသူများဖြစ်သည်။ ရုတ်တရက်ဖြစ်သွားခြင်း မဟုတ်ပါ။ အတွင်းတွင် နှစ်ချီပြီး အစိုင်အခဲဖြင့် တည်နေသောရောဂါများကြောင့် ဖြစ်သည်။

အစားကြောင့်ဖြစ်သောရောဂါ၊ အအိပ်ကြောင့်ဖြစ်သောရောဂါဟူ၍ရှိသည်။ ထို့ကြောင့် ရှေးလူကြီးများက “အအိပ်၊ အစားမှန်ပါရဲ့လား” ဟု မေးခြင်းဖြစ်သည်။

ဝလာသူများသည် အစားကို ဆင်ခြင်ရုံဖြင့်မရ။ အဆီအအိမ့်များလျှော့စားသည်၊ ညစာမစားဘဲနေသည်ဆိုရုံဖြင့်   ပိန်သွားမည်မဟုတ်။ ခန္ဓာကိုယ်၏ အတွင်းကိုယ်ခံအားများ ဟန်ချက်ညီဖို့အတွက်ကိုယ်တွင်း ဇီဝနာရီစက် မှန်ကန်စွာ လည်ပတ်ဖို့အတွက် အိပ်ချိန်မှန်၊ အိပ်ရေးဝဖို့လည်း လိုအပ်သေးသည်ကို သတိပြုစေချင်သည်။

အနောက်တိုင်း ဆေးပညာသုတေသီများ၏ တွေ့ရှိချက်၊ သုတေသနပြုချက်များတွင် ညအိပ်ရာဝင်ချိန် နောက် ကျသူများ၊ အိပ်ရေးမဝသူများသည် အဆီချေဖျက်မှု အားနည်းပြီး   ပို၍ဝလာနိုင်သည်ဟု ဆိုသည်။

တိုင်းရင်းဆေးပညာတွင် ဝခြင်းသည် ပထဝီ၊ အာပေါဓာတ်နှင့် ဆိုင်သည်။ ပထဝီဓာတ် အသားဓာတ်နှင့်အာပေါ အရည်ဓာတ်၊ အရသာအားဖြင့် အဆိမ့်နှင့်အချိုဓာတ်အစားများလျှင် ဝလာနိုင်သည်။ စားရုံမျှဖြင့် ဝလာနိုင်သည် မဟုတ်ချေ။ စားပြီးခန္ဓာကိုယ်တွင်း ရောက်လာသောအဆိမ့်၊ အချိုဓာတ်များကို လိုအပ်သမျှယူပြီး ပိုသည့်အခါ ချေဖျက်ပစ်နိုင်ဖို့လိုသည်။

အိပ်ရေးပျက်သူများသည် အပိုဓာတ်များကိုချေဖျက်သည့်ညအချိန်တွင် မအိပ်သဖြင့် ခန္ဓာကိုယ်က မချေဖျက်နိုင် ပေ။ ထိုအခါ ပိုလျှံသောအဆိမ့်၊ အချိုဓာတ်များ(ဝစေသောဓာတ်များ)ခန္ဓာကိုယ်တွင် စုပုံလာတော့သည်။

အအိပ်ပျက်၊ အစားပျက်ပြီး ပိန်ချုံးသွားတာပဲဟူသောသူများသည် စိတ်ဓာတ်ပါကျသောကြောင့်ပိန်ရခြင်းဖြစ်သည်။ စိတ်ကျလျှင် လူပိန်ခြင်း၊ အစာမစားလိုခြင်း၊ အစာမတောင့်တခြင်းရောဂါများ ဝင်လာနိုင်သည်။

အအိပ်ပျက်သော်လည်း အစားမပျက်၊ စိတ်ကလည်း မိမိလုပ်ချင်ရာလုပ်ရ၍ ပျော်နေသူများမှာ မပိန်သည့်အပြင် တစ်နေ့တခြားတိုး၍ ဝလာသည်ကို တွေ့ရပေသည်။

အိပ်ရေးပျက်ခြင်း၏အပြစ်များ

            ၁။         အစာမကြေခြင်း

            ၂။         အဆီတိုးခြင်း

            ၃။         ဝမ်းမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း

            ၄။         လေချုပ်ခြင်း

            ၅။         စိတ်မကြည်ခြင်း

            ၆။         အာရုံကြောများ နိုးကြားမှုမရှိခြင်း

            ၇။        ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းခြင်း

            ၈။         မျက်စိအမြင် ဝေဝါးခြင်း

            ၉။         မှတ်ဉာဏ်ချို့ယွင်းခြင်း

၁၀။      ဝမ်းဗိုက်တွင် လေပွ၍ဝလာခြင်း။

အိပ်ရေးပျက်၍ ဝလာသူများသည် ဝမ်းဗိုက်စူလာသဖြင့် အဆီဝမဟုတ်ဘဲ “လေဝ” ဝသည်ဟု တိုင်းရင်းဆရာများက ဆိုကြသည်။

လေ၏သဘောကြောင့် လူဝသော်လည်း အဆစ်အမျက်များတွင် လေခိုသဖြင့် အဆစ်အမျက်များ နာသော ရောဂါများဖြစ်နိုင်သည်။ တိုင်းရင်းဆေးဖြင့် ကုသသောရောဂါများတွင် (ဆစ်၊ ဆက်၊ ချောင်၊ မြည်) လေရောဂါ ဟူ၍ရှိသည်။ ထိုလေရောဂါရှိသူများသည် လူက တဖြည်းဖြည်းဝလာပြီး ဒူးမခိုင်၊ ခြေမခိုင်ဖြစ်တတ်သည်။ လှေကားအဆင်း၊ အတက်ပြုလုပ်လျှင် အဆစ်အဆက်များမှ အသံမြည်သည်။ လူခြေတိတ်ချိန်တွင် လှေကား အဆင်း၊ အတက်လုပ်လျှင် အဆစ်များမှ အသံမြည်သည်ကို ပို၍ကြားရနိုင်သည်။

“စောစောအိပ်ထ ပြုကျင့်ကတွင်းပ ကိုယ်ခန္ဓာရောဂါခပ်သိမ်း ရှောင်ခွာတိမ်း ကင်းငြိမ်း လွန်ချမ်းသာ” အထက်ပါ ဒွေးချိုးလင်္ကာလေးသည် ကျန်းမာသူများ လိုက်နာကျင့်သုံးသည့် နည်းလမ်းကို ရေးထားခြင်းဖြစ်သည်။ ထိုလင်္ကာကို ပြောင်းပြန်လှန်မည်ဆိုပါက-

“နောက်ကျ အိပ်ထ ပြုကျင့်ကတွင်းပ ကိုယ်ခန္ဓာရောဂါမှန်သမျှ ဝင်ရောက်ကြဒုက္ခ တွေ့မည်သာ”

စာရေးသူတို့နေထိုင်ရာ မန္တလေးမြို့တွင် နံနက်စောစောထပြီး ကျုံးနံဘေး၌ လမ်းလျှောက်သူများဖြင့် စည်ကား လျက်ရှိသည်။ ထိုသူများတွင် ဝန်ထမ်းများလည်းပါသည်။ ကုန်သည်ပွဲစား၊ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါသည်။ သို့သော် ထိုအထဲတွင် လူငယ်၊လူရွယ်၊ ကျောင်းသားအရွယ်များ ပါဝင်သည်ကိုသိပ်မတွေ့ရပေ။

အချို့လူငယ်များမှာ လူကြီးများနှင့် အဖော်လိုက်လာသည်ကို ရံဖန်ရံခါတွေ့ရသော်လည်း ကျန်းမာရေးအရ လမ်းလျှောက်သည်ကို မတွေ့ရဘဲ ကျုံးနောက်ခံဖြင့် လက်ထဲတွင်ပါလာသော ဖုန်းဖြင့်ဆဲလ်ဖီဆွဲနေသူ (ကိုယ့်ပုံ ကိုယ်ပြန်ရိုက်နေသူ)နှင့် အချို့မှာ လမ်းမလျှောက်ဘဲ ဖုန်းထိုင်ပွတ်နေသူများကို တွေ့ရသည်မှာ ယနေ့ခေတ်၏ မြင်ကွင်းဖြစ်နေသည်။

လူငယ်ပီပီလှချင်သည်။ ဝလာလျှင် မကြိုက်ကြ။ သို့သော် မဝလာအောင် မည်သို့နေထိုင်ရမည်ကို မသိကြပေ။ ဝလာလျှင် အစားအသောက်လျှော့စားလိုက်လျှင် ပိန်သွားမည်ဟုထင်နေကြသည်။

အစားအသောက်များ စားသောက်ပုံကိုကြည့်လျှင်လည်း ယနေ့ခေတ် လူငယ်များသည် အချိုရည်သောက်သုံးမှုများ ကြသည်။ ရယ်ဒီမိတ်အစာ ခေါ်ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ အသင့်ဖျော်လက်ဖက်ရည်ထုပ်၊ မုန့်ခြောက်များ၊ အသားတုနှင့် ဝက်အူချောင်း၊ ကြက်အူချောင်းများ စားသုံးမှုများသည်ကို တွေ့ရသည်။

ထိုအစာများသည် သဘာဝအစာမဟုတ်သဖြင့် ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုဇီဝဖြစ်စဉ်ကို ပျက်ယွင်းစေပြီး လူကိုဝလာစေသည်။ တစ်ခါတစ်ရံပါဝင်သော ဓာတုပစ္စည်းများ၏ ဆိုးကျိုးကြောင့် သွေးသား ဖောက်ပြန်သော ရောဂါများပင် ဖြစ်လာတတ်သည်။ အဆီတိုး၊ အသားတိုးရောဂါများ၏ နောက်ဆက်တွဲမှာ ကင်ဆာရောဂါအထိ ဖြစ်ပွားစေနိုင်သည်ကို သတိပြုဖို့လိုသည်။ အာယုဗ္ဗေဒဆေးပညာတွင်-

၁။ အအိပ်ပျက်

၂။ အစားပျက်

၃။ သည်းခြေပျက်

၄။ သွေးပျက်

ဟူ၍ ပျက်လေးပျက်ရှိသည်။ နောက်ဆုံးအပျက်မှာ(သွေးပျက်)ဖြစ်ပြီး အကုရအခက်ဆုံးဖြစ်သည်။

တစ်နေ့တခြား လူဝမလာစေရန် အောက်ပါအချက်များကို ဆင်ခြင်ဖို့လိုပါသည်။

၁။        အစားကို အချိန်မှန်စားပါ။

၂။         သဘာဝအစားအစာကိုသာ စားသောက်ပါ။

၃။        အိပ်ချိန်ကို အချိန်မှန်အိပ်ပါ။ (ည ဆယ်နာရီမှ နံနက်ငါးနာရီအထိအိပ်လျှင် အိပ်ရေးဝပါသည်။)

၄။        နံနက်စောစောလမ်းလျှောက်ပါ သို့မဟုတ်အိမ်အတွင်းမှာပင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို နာရီဝက်အနည်းဆုံး ပြုလုပ်ပေးပါ။

၅။        အဆီများသောအစာ၊ အချိုများသောအစာ၊အငန်များသောအစာများကို ငယ်စဉ်ကပင် ရှောင်ကြဉ်ပါ။

၆။        အထိုင်များခြင်း၊ မျက်စိအာရုံအသုံးများခြင်းကို ရှောင်ကြဉ်ပါ။

၇။        အအေးခံခြင်း၊ ပန်ကာလေ၊ အဲကွန်းလွန်ကြူးစွာခံ၍ နေထိုင်ခြင်းကြောင့် ပို၍ဝလာနိုင်သဖြင့် အလွန် အအေးခံနေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။

အထက်ပါအချက်များကို သတိထားနေထိုင်ပြုမူခြင်းကြောင့် အသက်ငယ်ငယ်ဖြင့် တစ်နေ့တခြားဝလာခြင်းကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသားတင်ပြလိုက်ပါသည်။