တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက် မြဝတီသတင်းစာတိုက်ရှိ ဇေယျသုခဓမ္မာရုံ၌ တတိယ အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပသည်။ အခမ်းအနားသို့ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် သံဃာတော်အရှင်သူမြတ်များ၊ စာတည်းမှူးချုပ်နှင့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်း မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ စာတည်းမှူးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာကြားကြသည်။

ထို့နောက် စာတည်းမှူးချုပ်နှင့် အလှူရှင်များက ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။   

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုဆရာတော် သံဃာတော် ၁၅ ပါးတို့က ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။