ချောင်းဆိုးခြင်းနှင့် ချောင်းဆိုးပျောက်ဆေးအန္တရာယ်

ချောင်းဆိုးလို့ဆေးခန်းပြရင် ဆရာဝန်ကချောင်းခြောက်လား၊ ချောင်းစိုလား၊ သလိပ်ထွက်လားလို့မေးတယ်။ ချောင်းခြောက်ဆိုးတာ နဲ့ သလိပ်ထွက်တာက ကုသနည်းကွာပါတယ်။ တကယ်တော့ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခု ဖြစ်တယ်။ အသက်ရှူလမ်းကြောင်းထဲ တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က ဦးနှောက်အာရုံကြောတွေကတစ်ဆင့် အဆိုပါ ပစ္စည်း အပြင်ထွက်သွားအောင် ချောင်းဆိုးခိုင်းတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက အချွဲလွှာရှိတယ်။ ရောဂါပိုးဝင်လာတဲ့အခါ အဆိုပါပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာပိုထူလာတယ်။ ဒါကိုသလိပ်လို့ခေါ်တယ်။ ရောဂါပိုးဝင်လာတဲ့အခါ ပိုးကိုတိုက်ထုတ်ဖို့ အချွဲလွှာ တွေက ချောင်းအစိုဆိုးလာတယ်။ အချွဲလွှာမရှိဘဲဆိုးရင်  ချောင်းခြောက်ဆိုးတယ်လို့ဆိုတယ်။

ချောင်းခြောက်ဆိုးခြင်းကို အအေးမိတုပ်ကွေးရောဂါ၊ ကိုဗစ်-၁၉ ရောဂါတွေမှာတွေ့ရပါတယ်။ (၂-၃)ပတ်ထိကြာတတ်တယ်။ အအေးမိတုပ်ကွေး လုံးဝပျောက်သွားတာတောင် ချောင်းက နှစ်လကျော်ဆိုးတာကိုဗစ်-၁၉ ရောဂါမှာတွေ့ရတယ်။ ချောင်းကျန်တယ် လို့ ပြောကြပါတယ်။ ဗိုင်းရပ်ကြောင့်ဖြစ်တာ ချောင်းခြောက်ဖြစ်တယ်။ ပန်းနာရင်ကျပ်မှာ အသက်ရှူရင်တရွှီရွှီမြည်ပြီး ချောင်းလည်း ဆိုးတဲ့ ပန်းနာရင်ကျပ်ရောဂါလည်းရှိတယ်။ သူ့ရဲ့အဓိက လက္ခဏာက စားချဉ့်ပြန်တာ၊ အလက်ဂျစ်ထပြီးချောင်းဆိုးတာ၊ နှာရည်တွေ လည်ချောင်း နောက်ထဲရောက်ပြီး ချောင်းဆိုးတာ၊ အသံအိုးရောင်တာ၊ ကြက်ညှာချောင်းဆိုး၊ ပြင်ပကပစ္စည်းတွေ နှာခေါင်းထဲ ဝင်တာ၊ နှလုံးပျက်စီးတာ၊ အချို့သွေးပေါင်ကျဆေးတွေ သောက်တာကြောင့် ချောင်းဆိုးတယ်။

ပျားရည်သောက်နိုင်ပါတယ်။ ပျားရည်ကချိုပေမယ့် လည်ချောင်းယားယံပြီး ချောင်းဆိုးတာသက်သာစေတယ်။ ရေနွေးနွေးမှာ ပျားရည်နဲ့ သံပရာရည်ရောပြီး မအိပ်ခင်နာရီဝက်အလိုမှာ သောက်ပေးမယ်ဆိုရင်ညဘက်မှာ ကောင်းကောင်းအိပ်နိုင်တယ်။ သတိထား သင့်တာက တစ်နှစ်အောက်ကလေးတွေမတိုက်ရပါ။ ရေများများသောက်ဖို့လိုတယ်။ ပူရှိန်းငုံသင့်တယ်။ ဆားရည်နဲ့ ပလုတ်ကျင်းပေးသင့်တယ်။ ဆေးလိပ်၊ ကွမ်းဖြတ်သင့်တယ်။ အလွယ်တကူ ဝယ်သောက်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ကလေးတွေကို ကိုဒင်းပါတဲ့ချောင်းဆိုးပျောက်ဆေး မတိုက်သင့်ပါဘူး။ မသက်သာရင် မိသားစု ဆရာဝန်နဲ့ ပြသသင့်တယ်။ ရောဂါအခံရှိသူတွေ ပိုပြီးသတိထားသင့်တယ်။

ချောင်းဆိုးတာ၊ သလိပ်ထွက်တာဆိုပြီး မပေါ့သင့်ဘူး။ စွဲသောက်နေတဲ့ဆေးတွေ ယူဆောင်သွားသင့်ပါတယ်။ ချောင်းဆိုးခြင်းမှ လေပြွန်ရောင်ရမ်းတာ၊ အဆုတ်ရောင်တာ၊ တီဘီရောဂါ၊ အဆုတ်ကင်ဆာ၊ ဆေးလိပ်သောက်တာ၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ၊ လေပြွန်မှာပြည်တည်တာ၊ လေအိတ်နာ (Cystic Fibrosis) ရှားရှားပါးပါး အအေးမိတုပ်ကွေးမှာ နောက်ဆက်တွဲ ဗက်တီးရီးယား ပိုးဝင်လာခဲ့ရင်လည်း သလိပ်ထွက်နိုင်တယ်။

သလိပ်ထွက်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါပေါ်မူတည်ပြီး ရေများများသောက်ကာ ရေနွေးငွေ့ရှူသင့်တယ်။ ချွဲပျော်ဆေး သောက်သင့်တယ်။ ချောင်းဆိုးပျောက်ဆေးရဲ့ သဘာဝတရားက ဦးနှောက်ကနေ ချောင်းဆိုးခိုင်းတဲ့ လမ်းကြောင်းကို ပိတ်လိုက် တာဖြစ်တယ်။ သလိပ်တွေအဆုတ်ထဲမှာရှိနေတဲ့ အခြေအနေမှာ ချောင်းမဆိုးနိုင်ရင် သလိပ်တွေအောင့်ပြီး ပိုဆိုးလာနိုင်တယ်။ အလွယ်တကူ ဝယ်သောက်နိုင်တဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးနိုင်တယ်။ ချောင်းဆိုးတာ သလိပ်ထွက်တာပဲ ပေါ့ပေါ့ မနေသင့်ပါ။ မိသားစုဆရာဝန်နဲ့ ပြသကာ ပဋိဇီဝဆေး သောက်သုံးနိုင်ပါတယ်။

ချောင်းဆိုးတာ ခုလိုအအေးပိုတဲ့ရာ သီမျိုးမှာ ပိုမိုခံစားရတတ်တယ်။ အအေးမိခြင်း၊ အဆုတ်အားနည်းခြင်း၊ အခြားကျန်းမာရေး အခြေအနေတွေကြောင့် ချောင်းဆိုးတာ၊ ချွဲကျပ်တာဖြစ်လေ့ရှိတယ်။ တစ်ခါတလေမှာ နေလည်းကောင်း၊ အအေးမိဖျားနာ ဝေဒနာလည်းပျောက်ကင်း၊ ကိုယ့်မှာလည်း တီဘီတစ်စုံတစ်ရာမရှိနဲ့ ချောင်းဆက်ပြီး ဆိုးနေသေးတာကြုံရတယ်။ လက်လှမ်းမီရာ ချောင်းဆိုး ပျောက်ဆေးတွေနဲ့ ကုသကြည့်ပေမယ့် တိတိပပမပျောက်ဘဲ ချောင်းဆက်ဆိုးနေတယ်။

အသက်ရှူလမ်းကြောင်းထဲမှာ ပြဿနာရှိခြင်းဆိုရာမှာ တုပ်ကွေး၊ ဖျားနာအပါအဝင် အခြားကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပြီးတဲ့ အခါမျိုးမှာ ချောင်းဆိုးနေတာကျန်နေတယ်။ ဖျားနာကင်းသွားပေမယ့် ချောင်းဆိုးရတဲ့ အဓိကအကြောင်းရင်းက အသက်ရှူ လမ်းကြောင်းထဲပိုးတွေ့ခြင်း သို့မဟုတ် တီဘီရောဂါလို အဆုတ်ရောဂါဖြစ်ခြင်း ဖြစ်နိုင်ပါတယ်။ တီဘီဖြစ်သူဟာ တစ်ပတ်ထက်ပိုတဲ့ ချောင်းဆိုးခြင်း၊ ညနေစောင်း အပူချိန်တက်ခြင်း၊ အစားပျက်ခြင်း၊ ကိုယ်အလေးချိန်တစ်လအတွင်း ၁၀ ပေါင်ကျခြင်း၊ အိပ်မရခြင်းတို့ ဖြစ်တယ်။ သလိပ် သုံးရက်ဆက်ယူပြီး တီဘီပိုးရှိ၊ မရှိစမ်းသပ်နိုင်တယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီးအဆုတ်တီဘီ ရှိ၊ မရှိစစ်ဆေး သင့်ပါတယ်။ အဆုတ်တီဘီဖြစ်ကြောင်းသေချာရင် တီဘီဆေး(၆-၈)လသောက်ရပါတယ်။ တီဘီဆေးကို ကိုယ့်သဘောနဲ့ ရပ်လိုက် တာမျိုး မလုပ်သင့်ပါဘူး။ သလိပ်စစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းကနေ  တီဘီမရှိကြောင်းသေချာမှ တီဘီဆေးကိုရပ်သင့်တယ်။ ချောင်းဆိုးတယ်ဆိုပြီး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးများ အလွယ်တကူမသောက်သင့်ပေ။ မိမိကျန်းမာရေးအတွက်ဖြစ်၍     ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်။