မကွေးတိုင်းဒေသကြီးရှိ အားကစားကွင်းများနှင့် အားကစားရုံများအား ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

(အားကစား) မေ ၂၀

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းနှင့် အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင်ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မိုးလုံလေလုံ အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံတွင် ဝူရှူးနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေသည့် အားကစားသမား (၂၄) ဦးအား သွားရောက်အားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် အားကစားကွင်းများနှင့် အားကစားရုံများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။