နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

(ပြည်တွင်း) မေ ၂၀

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းတာဝန်ခံက PR လျှောက်ထားသူ မိသားစုအပါအဝင် (၃၆) ဦး၏ ကိုယ်ရေးအချက်အလက်များ၊ အမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှုများနှင့် လူတွေ့စစ်ဆေးမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များက လူတွေ့စစ်ဆေးမှုတွင် ပျက်ကွက်သူများ၏ အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆက်လက်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။