ကရင်ဝန်ကြီးချုပ် ပညာရေးအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) မေ ၂၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေ ၁၉ ရက် နံနက်ပိုင်းက ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသူ (၂၀၀) ဆံ့ (၄) ထပ် အိပ်ဆောင်တည်ဆောက်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးရေးနှင့် မိုးရာသီကာလအတွက် အားကစားကွင်း ရေစီးရေလာကောင်းမွန်ရေးတို့ကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ဆက်လက်၍ ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ ဆရာ၊ ဆရာမအိမ်ရာတည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဘားအံမြို့ အိန္ဒုမွန်ကျောင်းကြီး၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် နွေရာသီရာမညနိကာယ မွန်စာပေနှင့် ဗုဒ္ဓယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ဆုပေးပွဲအတွက် ငွေကျပ် ၃၀၀ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။