(နိုင်ငံတကာ) ဧပြီ ၁၅
Nokor Sankranta ပွဲတော်ကို ဖနွမ်းပင် မြို့တွင် စတင်ကျင်းပနေပြီး ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများ ထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

ခမာရိုးရာနှစ်သစ်ကူးပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပသည့် အဆိုပါပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၁၉ ရက်အထိ ခြောက်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မြို့တော်တစ်ဝှမ်းရှိ အဓိကနေရာများတွင် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိသည်။အဆိုပါ ပွဲတော်တွေကို ဝတ်ဖနုမ် ဘုရားကျောင်း၊ ချတ်တိုမုခ် လမ်းလျှောက်လမ်း (မြစ်ကမ်းနား လမ်းလျှောက်နေရာ)၊ ဗတ်တနက် ကပ်ပီတယ် အဆောက်အဦး (ခေတ်မီ အမြင့်အဆောက်အဦး/စီးပွားရေးစင်တာ)၊ ဝတ်ဘိုတုမ် ပန်းခြံ၊ တူးလ် တုံပေါင် စျေး (ရုရှားစျေး) တို့အပါအဝင် မြို့တော်အနှံ့တွင် ကျင်းပလျက်ရှိပြီး ညဈေးများ၊ လမ်းလျှောက်ဇုန်များနှင့် ယဉ်ကျေးမှုပွဲများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပွဲတော်အတွင်း ကြယ်မီးအိမ်အလှဆင်မှုများ၊ ရိုးရာအကဖျော်ဖြေမှုများဒေသထွက်ပစ္စည်းပြပွဲများ၊ ခမာရိုးရာကစားနည်းများတို့ ပါဝင်ပြီး ကမ္ဘောဒီးယား၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထင်ဟပ်ပြသလျက်ရှိသည်။

ညအချိန်တွင် ကြယ်မီးအိမ်ကြီးများဖြင့် အလှဆင်ထားသော မြို့တော်ပတ်ဝန်းကျင်သည် ဓာတ်ပုံရိုက်ကူးသူများနှင့် ခရီးသွားများအတွက် အထူးစွဲမက်ဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

#PAN