တာချီလိတ်နေအိမ်တစ်ခုမှ စိတ်ပြောင်းဆေးဝါး ၁ ဘီလီယံကျော်တန်ဖိုးရှိ ဖမ်းဆီးရမိ၊ နှစ်ဦးအရေးယူခံရ

(မှုခင်း) နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ နေအိမ်တစ်ခုအတွင်းမှ ငွေကျပ် ၁ ဒသမ ၀၀၃၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်၊ Happy Water၊ ကက်တမင်းနှင့် စိတ်ကြွဆေးပြားအပါအဝင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားနှစ်ဦးကို အရေးယူထားကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ ကျလား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ကျလားနှင့် စိုးလာမူတို့ကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။

ရှာဖွေမှုအတွင်း အိုက်စ် (မက်သ်အဖက်တမင်း) ၃၃ ကီလို၊ ဒေသကာလတန်ဖိုး ကျပ် ၂,၈၀၅ သိန်း၊ Happy Water ၅ ဒသမ ၂ ကီလို၊ တန်ဖိုး ကျပ် ၄,၁၆၀ သိန်း၊ ကက်တမင်းအဆီရည် ၁ လီတာ၊ တန်ဖိုး ကျပ် ၃,၀၀၀ သိန်းတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် စိတ်ကြွဆေးပြား ၂,၀၀၀ ပြား၊ တန်ဖိုး ကျပ် ၈ သိန်း၊ အက်တက်စီဆေးပြား ၁၀၀ ပြား၊ တန်ဖိုး ကျပ် ၃၀ သိန်းနှင့် ကက်တမင်း ၃၀၀ ဂရမ်၊ တန်ဖိုး ကျပ် ၃၆ သိန်းတို့အပြင် လက်ကိုင်ဖုန်း ၄ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျလား (၂၈) နှစ်နှင့် စိုးလာမူ (၃၀) နှစ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews

#PAN