(မှုခင်း) နိုဝင်ဘာ ၂၆
မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဇရစ်ချောင်းအမှိုက်ပုံအနောက်ဘက် ဘုရားငါးဆူမုဒ်ဦးအနီးတွင် ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးကို တုတ်ဖြင့်ရိုက်သတ်ကာ ဆိုင်ကယ်လုယူထွက်ပြေးခဲ့သူဟု ယူဆရသည့် လူငယ်နှစ်ဦးကို လုယူသွားသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်တီးထမင်းဆိုင်အနီးရှိ ဆိုင်ကယ်တက္ကစီဂိတ်တွင် တစ်ဦးတည်းရှိနေသည့် ဆိုင်ကယ်တက္ကစီမောင်းသူ မောင်ပြည့်ဖြိုးလင်းအား ထက်ပိုင်စိုး(ခ)မြင့်ကျော်နှင့် အောင်မြင့်မြတ်(ခ)ဖိုးတီးတို့က ဆိုင်ကယ်တက္ကစီ ငှားရမ်းခဲ့ကြသည်။
ယင်းနောက် ဇရစ်ချောင်းအမှိုက်ပုံအနောက်ဘက် ဘုရားငါးဆူမုဒ်ဦးအနီးသို့ ရောက်ရှိချိန်တွင် ဆိုင်ကယ်တက္ကစီမောင်းသူကို တုတ်ဖြင့်ရိုက်သတ်ကာ ဆိုင်ကယ်လုယူ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် မြဝတီမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၂၅ ရက်တွင် ထက်ပိုင်စိုး (၁၉) နှစ်၊ ဝှေ့ရှမ်းကျေးရွာ၊ မြဝတီမြို့နယ်နေသူနှင့် အောင်မြင့်မြတ်(ခ)ဖိုးတီး (၁၉) နှစ်၊ ရွှေမြဝတီဈေး (၁) လမ်း၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီမြို့နေသူတို့ကို လုယူသွားသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူနှစ်ဦးကို မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူကာ ထိန်းသိမ်းထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN