(မှုခင်း) နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် ၁၉/၇ နှင့် ၂၀/၀ ကြားတွင် ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က လမ်းဘေးရပ်ထားသည့် ၂၂ ဘီးယာဉ်ကို DAIHATSU HIJET ယာဉ်က နောက်မှဝင်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်တုန်းမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် DAIHATSU HIJET ယာဉ်သည် အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းပေါ်၌ လမ်းဘေးရပ်ထားသော အနီရောင် HONO အမျိုးအစား ၂၂ ဘီးယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုသတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ HIJET ယာဉ်ပေါ်တွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦး လိုက်ပါလာခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ ကျန် ၈ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများနှင့် သေဆုံးသူကို လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် ၂ စီး၊ မြတ်သုခလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် ၂ စီးတို့ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN