(ပြည်တွင်း) နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့တွင် နှစ်စဉ်ကျင်းပသည့် ၂၁ ကြိမ်မြောက် ရိုးရာမီးကြာစံနှင့် မီးရှော်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကလောမြို့နယ် တပ်မမှူးနှင့် တပ်မတော်အရာရှိ၊ အရာခံများ၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်နှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအစီအစဉ်တွင် ကလောမြို့နယ်အတွင်း နေထိုင်ကြသည့် ပအိုဝ်း၊ တောင်ရိုး၊ ရှမ်း၊ ဓနုနှင့် ပလောင်တိုင်းရင်းသားများ၏ ရိုးရာစာပေ၊ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရပ်ကွက် (၃) ကိုယ်စားပြု ကောင်းကင်ကြယ် မီးရှော်တိုင်အသင်းက မီးရှော်တိုင်ကို ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ကလောမြို့ရိုးရာမီးရှော်တိုင်ပြိုင်ပွဲတွင် မီးရှော်တိုင်အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဖွင့်ပွဲညတွင် အသင်း ၄ သင်းက မီးရှော်တိုင်များ ထွန်းညှိပူဇော်ယှဉ်ပြိုင်ခဲ့ကြပြီး ကျန်ရှိသည့် ညများတွင် တစ်ညလျှင် အသင်း ၅ သင်းနှုန်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ NiYO

Telegram – t.me/positiveanglenews
#PAN