
(ပြည်တွင်း) နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စားကျက်မြေများပေါ်တွင် ကျူးကျော်နေအိမ်ဆောက်လုပ်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် အသုံးပြုလုပ်ကိုင်နေသူများကို မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက နို့တစ်စာများ ပေးပို့ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနို့တစ်စာများကို နိုဝင်ဘာလ ပထမပတ်ခန့်က သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
စိစစ်တွေ့ရှိချက်များအရ စားကျက်မြေများပေါ်တွင် နေအိမ်နှင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးများ ခတ်ခြင်း၊ သီးနှံများ စိုက်ပျိုးခြင်းနှင့် အခြားနည်းလမ်းများဖြင့် အသုံးပြုလုပ်ကိုင်ခြင်းများ ရှိနေသည့်အတွက် နို့တစ်စာလက်ခံရရှိသည့်နေ့မှစ၍ ကျူးကျော်ထားသည့် မြေနေရာများကို မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန် အသိပေးထားခြင်းဖြစ်သည်။
“နဝတ-နယက ခေတ်တွေတုန်းက ကျေးရွာရန်ပုံငွေမရှိရင် ရပ်ကျေးဥက္ကဋ္ဌတွေက စာကျက်တွေကိုအကွက်ရိုက်ရောင်းကြတာတွေရှိတယ်လေ အဲ့ဒီတုန်းကဝယ်ထားကြသူတွေလည်းပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၇ အုပ်စုတွင် စားကျက်မြေများပေါ်၌ ကျူးကျော်ဆောက်လုပ်ထားသည်ဟု စိစစ်တွေ့ရှိရသည့် နေအိမ်များသို့ နို့တစ်စာများ ပေးပို့ထားကြောင်း သိရသည်။
နို့တစ်စာပေးပို့ခံရသူများထဲတွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာနေ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၏ နေအိမ်လည်း ပါဝင်ကြောင်း သိရသည်။
မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ်အပါအဝင် အချို့မြို့နယ်များ၌ စားကျက်မြေနှင့် လယ်ယာမြေများပေါ်တွင် နေအိမ်ဆောက်လုပ်မှုများ များပြားလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သထုံနှင့် မော်လမြိုင်မြို့အကြားရှိ လယ်ယာမြေများတွင်လည်း အိမ်ရာမြေအဖြစ် ပြောင်းလဲရောင်းချမှုများ တွေ့မြင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယင်းကဲ့သို့ လယ်ယာမြေများကို အိမ်ရာမြေအဖြစ် ပြောင်းလဲအသုံးပြုမှုများ ဆက်လက်များပြားလာပါက စိုက်ပျိုးမြေဧရိယာ လျော့နည်းလာနိုင်ပြီး ပြည်ပပို့ကုန်သာမက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပေါ်ပါ သက်ရောက်မှုရှိလာနိုင်သည့်အပြင် ဆန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက စိုးရိမ်ပြောဆိုထားကြသည်။