(မှုခင်း) နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ရဟန္တာကွင်း၊ ကျောက်ဖြူကုန်းဘုရားလမ်းရှိ ရာဘာမှိုင်းခံရုံတစ်ရုံတွင် ရာဘာပြားများကို အပူပေးမှိုင်းခံရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသည့်အတွက် သထုံခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနှင့် မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့်လည်း ပူးပေါင်းကူညီခဲ့ကြပြီး နယ်မြေခံပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၂ နာရီကျော်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် ရာဘာမှိုင်းခံရုံမှာ ပိုင်ရှင် ဦးကျော်မြင့်ကြည်၏ အဆောက်အအုံဖြစ်ပြီး အကျယ် ၁၀ ပေ၊ အလျား ၁၅ ပေရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံ၏ အမိုး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN