(နိုင်ငံတကာ) နိုဝင်ဘာ ၁၃
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အမျိုးသမီး သစ်သီးရောင်းသူတစ်ဦးကို အမျိုးသားတစ်စုက ကိုယ်ထိလက်ရောက် နှောင့်ယှက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန ကျား၊ မ ရေးရာလုပ်ငန်းအဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
အဆိုပါဖြစ်ရပ်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရပြီး ဖြစ်စဉ်အတွင်း အမျိုးသားတစ်စုက အမျိုးသမီးသစ်သီးရောင်းသူကို ကိုယ်ထိလက်ရောက် နှောင့်ယှက်တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ကြောင်း Khmer Times သတင်းဌာနက နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကျား၊ မ ရေးရာလုပ်ငန်းအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ အမျိုးသမီးတစ်ဦးအပေါ် ပြုမူခဲ့သည့် လုပ်ရပ်များအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး စိုးရိမ်ပူပန်မိကြောင်း ဖော်ပြခဲ့သည်။
အမျိုးသားများ၏ လုပ်ရပ်သည် လူစည်ကားသည့်နေရာ၌ အသက်မွေးဝမ်းကျောင်းပြုနေသော အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာလုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့် မလေးမစားပြုမှုနှင့် နှောင့်ယှက်စော်ကားမှုဖြစ်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
အမျိုးသမီးများ၏ ကိုယ်ခန္ဓာ၊ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို မထီမဲ့မြင်ပြုခြင်း၊ နှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်စော်ကားခြင်းများကို လက်ခံနိုင်စရာမရှိဘဲ ပြင်းထန်စွာ ရှုတ်ချကြောင်း လုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် ယင်းကဲ့သို့သော လုပ်ရပ်များသည် လူမှုကျင့်ဝတ်နှင့် လူသားတန်ဖိုးများကို လေးစားလိုက်နာမှုတို့နှင့် ဆန့်ကျင်နေပြီး ဟာသ သို့မဟုတ် ဖျော်ဖြေရေးဟူသည့် အကြောင်းပြချက်များဖြင့် တရားမျှတအောင် ရှင်းပြ၍မရနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသမီးများသည် မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်သည်ဖြစ်စေ၊ မည်သည့်လူမှုဘဝအခြေအနေတွင် နေထိုင်သည်ဖြစ်စေ လေးစားခံရပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံရပိုင်ခွင့်နှင့် ဘေးကင်းလုံခြုံစွာ အသက်မွေးဝမ်းကျောင်းပြုခွင့်ရှိကြောင်းလည်း လုပ်ငန်းအဖွဲ့က အလေးထားပြောဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်အပေါ် အာဏာပိုင်များအနေဖြင့် အချက်အလက်များကို စေ့စပ်သေချာစွာ စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုရှိစေရန်နှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။ထို့အတူ နစ်နာသူအမျိုးသမီး၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လိုအပ်သည့် အကူအညီများ ရရှိရေးတို့ကို အာမခံဆောင်ရွက်ပေးရန်နှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို အပြည့်အဝ လေးစားကာကွယ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
အမျိုးသမီးများအပေါ် နှောင့်ယှက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ကြရန် အများပြည်သူ၊ သတင်းမီဒီယာသမားများနှင့် လူမှုကွန်ရက်အသုံးပြုသူများကိုလည်း လုပ်ငန်းအဖွဲ့က တိုက်တွန်းခဲ့သည်။
အထူးသဖြင့် နစ်နာသူအမျိုးသမီးအား အရှက်ရစေခြင်း၊ အပြစ်တင်ခြင်း သို့မဟုတ် ထပ်မံထိခိုက်နစ်နာစေခြင်းများ ဖြစ်ပေါ်လာနိုင်သည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် မှတ်ချက်များကို ပြန်လည်မျှဝေခြင်း မပြုကြရန် အကြံပြုထားသည်။
ကျား၊ မ ရေးရာလုပ်ငန်းအဖွဲ့က အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရေးအပေါ် ဆက်လက်ကတိပြုထားကြောင်း ပြောကြားခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကို ကာကွယ်တားဆီးနိုင်ရန် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ယင်းလုပ်ငန်းစဉ်များမှတစ်ဆင့် ဘေးကင်းလုံခြုံမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုတို့ကို အခြေခံသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN