ရန်ကုန်တွင် ရေခိုးသွယ်ယူမှုနှင့် တရားမဝင်ရေဆက်သွယ်မှုများအတွက် ကျပ် ၅ သိန်းအထိ ဒဏ်ရိုက်မည်

(ပြည်တွင်း) နိုဝင်ဘာ ၁၂

ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ တရားမဝင်ရေဆက်သွယ်အသုံးပြုခြင်းနှင့် ရေခိုးယူသုံးစွဲခြင်းများ ပြုလုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေးကြေညာထားသည်။

တားမြစ်ထားသည့် လုပ်ရပ်များတွင် ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ရေပိုက်ဆက်သွယ်ယူခြင်း၊ ဆင့်ပွားရေပိုက်များ တပ်ဆင်ခြင်းနှင့် မော်တာ သို့မဟုတ် တုံကင်အသုံးပြု၍ ရေရယူခြင်းတို့ ပါဝင်သည်။

ထို့အပြင် မူလတပ်ဆင်ထားသည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းကိရိယာများကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရဘဲ ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်းများကိုလည်း တားမြစ်ထားကြောင်း သိရသည်။

အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ (ဂ) အရ ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

တစ်ဖက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးစနစ်မှတစ်ဆင့် တရားဝင်ရေရယူသုံးစွဲလိုသူများအနေဖြင့် YCDC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အိမ်ရေဆက်သွယ်ခွင့်လျှောက်လွှာကို အသုံးပြု၍ လျှောက်ထားနိုင်သကဲ့သို့ သက်ဆိုင်ရာမြို့နယ် ရေဖြန့်ဖြူးရေးရုံးများတွင်လည်း လျှောက်ထားနိုင်ကြောင်း ကော်မတီက အသိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN