မြန်မာအာကာသယာဉ်မှူးတစ်ဦးကို နိုင်ငံတကာအာကာသစခန်းသို့ စေလွှတ်ရန်နှင့် ဂြိုဟ်တုလွှတ်တင်ရန် စီစဉ်နေ

(သိပ္ပံနှင့်နည်းပညာ) နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံမှ အနိမ့်ကမ္ဘာပတ်လမ်းကြောင်း (Low Earth Orbit) သို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးနှင့် မြန်မာအာကာသယာဉ်မှူးတစ်ဦးကို နိုင်ငံတကာအာကာသစခန်း (International Space Station – ISS) သို့ စေလွှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ယင်းရည်မှန်းချက်များအပြင် လူငယ်များအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေရန် ပညာရေးအဆင့်အလိုက် အာကာသပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကိုလည်း မြန်မာအာကာသအေဂျင်စီက ကျင်းပလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) တွင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများအပြင် အာကာသနည်းပညာဆိုင်ရာ ပြခန်းများကို ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လူငယ်များ အာကာသသိပ္ပံပညာကို ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်ကြောင်း ဒေါက်တာမျိုးသန့်က ပြောကြားထားသည်။

ယင်းမတိုင်မီ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည့် အာကာသပြတိုက်ဖွင့်ပွဲတွင်လည်း နိုင်ငံတော်သမ္မတက အာကာသနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးနှင့် လူငယ်ပညာရှင်များအတွက် အာကာသနည်းပညာဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့ပြင် အာကာသနည်းပညာသည် ကမ္ဘာမြေမျက်နှာပြင် ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာနိုင်ခြင်း၊ ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ ရယူနိုင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်ခြင်းတို့ကြောင့် အရေးပါကြောင်းလည်း လမ်းညွှန်ခဲ့သည်။

မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဂြိုဟ်တုလွှတ်တင်ရေးနှင့် အာကာသယာဉ်မှူး စေလွှတ်ရေး ရည်မှန်းချက်များအပြင် လူငယ်များအား အာကာသသိပ္ပံပညာနှင့် ထိတွေ့လေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရေးကိုပါ ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN