ညောင်ရွှေမြို့နယ်တွင် PNA ပြည်သူ့စစ်ဝတ်စုံဝတ် အမျိုးသားများ၏ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ တောင်တိုကျေးရွာအုပ်စု၊ တောင်တိုရေလယ်ကျေးရွာအနီးတွင် နိုဝင်ဘာ ၆ ရက် ညပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်တိုရေလယ်ကျေးရွာနေ ကျော်ချစ်ထွေးဆိုသူသည် နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်က လွယ်တော်ကျေးရွာနေ သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ တောင်တိုကျေးရွာအနောက်ဘက် လယ်ကွင်းအတွင်း ဂိမ်းဆော့နေစဉ် PNA ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သဖြင့် ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထွက်ပြေးရာတွင် အဆိုပါ အမျိုးသား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျော်ချစ်ထွေးတွင် ဝဲပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နန်းပန်တိုက်နယ်ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ၎င်း၏ အသက်အန္တရာယ် မစိုးရိမ်ရကြောင်းလည်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ PNA ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားသူ ၂ ဦးအား နန်းပန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းမတိုင်မီ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းကလည်း တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစဉ်ကျေးရွာအနီးတွင် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ ကျူးလွန်သူ PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။