ဇေယျာသီရိမြို့နယ်၊ ဝက်စုကျေးရွာ၌ ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

(မှုခင်း) နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ လယ်ကွင်းအတွင်း ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဝက်စုကျေးရွာ၌ လူတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း သတင်းအရ ရေဆင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းအေး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့‌ေကြာင်းသိရသည်။

ထိုသို့စစ်ဆေးရာ သေဆုံးသူမှာ ဝက်စုကျေးရွာနေ ဦးချစ်စန်းမောင် (၃၆ နှစ်) ဖြစ်ပြီး လယ်ကွင်းထဲ၌ ကျင်စက်ဖြင့် ငါးဖမ်းရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးချက်အရ သေဆုံးသူတွင် ယာတံတောင်ဆစ် ညိုမဲဒဏ်ရာနှင့် ဝဲ/ယာ လက်မောင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့‌ေကြာင်း သိရသည်။

ထို့နောက် သေဆုံးသူ ဦးချစ်စန်းမောင်၏ ရုပ်အလောင်းအား ကျည်တောင်ကျေးရွာ နာရေးကူညီမှုအသင်းယာဉ်ဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရေဆင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းရေးဖွင့်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။