နေပြည်တော် – မော်လမြိုင်ရထားပြေးဖို့ လွှတ်တော်မှာမေးခွန်းမေးပြီးနောက် ပို့ဆောင်ရေးဝန်ကြီး ​မော်လမြိုင်ရောက်

(ပြည်တွင်း) နိုဝင်ဘာ ၆

သွားလာရေးစရိတ်တွေကြီးမားလို့ မော်လမြိုင်ကနေ နေပြည်တော်ကိုရထားပြေးဆွဲပေးဖို့ ပြည်သူ့လွှတ်တော်မှာ မော်လမြိုင်အမတ်က မေးခွန်းမေးမြန်းပြီး ၉ ရက်အကြာမှာပဲ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မော်လမြိုင်မြို့ကို DEMU နဲ့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကို နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိလာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးဟာ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နဲ့ တာဝန်ရှိသူတွေနဲ့အတူ မော်လမြိုင်ဘူတာရုံဝန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုတွေနဲ့ Dry Port စီမံကိန်းလုပ်ငန်းဆောင်ရွက်နေတာတွေကို လှည့်လည်ကြည့်ရှု့ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဆိပ်ကမ်းအာဏာပိုင်ပိုင် ရေယာဉ်နဲ့ သံလွင်မြစ်အတွင်း မြစ်ကမ်းပါးပြိုကျမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သလို မော်လမြိုင် လေဆိပ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတွေကိုလည်း သိရပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့တွင် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မော်လမြိုင်မြို့နဲ့နေပြည်တော်ကို ဆက်သွယ်တဲ့မီးရထားကို ဘယ်အချိန်မှာ စတင်ပြေးဆွဲပေးမလဲလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ​မေးခွန်းနဲ့ပတ်သက်ပြီး BEMU ရထားပြေးဆွဲပေးတာ ထိုင်ခုံပြည့်ရုံသာသာလေးပဲရှိပြီး ခရီး သည် အတက်အဆင်းနဲ့ပြေးဆွဲမှုနည်းနေသေးတယ်လို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် လွှတ်တော်မှာလာရောက်ဖြေဆိုခဲ့ပါတယ်။

မြန်မာ့မီးရထားဟာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်တာကြောင့် ဝန်ဆောင်မှုဆိုသော်လည်း စီးပွားရေးတွက်ချေကိုက်ဖို့ ယခုပြေးဆွဲပေးမယ့်ရထားတွေဟာ ဆီဖိုးကျေရုံသာပြေးဆွဲပေးနေတာလို့လည်း သူက ပြောပါတယ်။

ဒါကြောင့် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်လို့ ဝန်ဆောင်မှုဆိုသော်လည်း စီးပွားရေးတွက်ချေ ကိုက်မယ့် ခရီးစဉ်စီးနင်းမှုရှိရင် စီစဉ်ပေးနိုင်မှာဖြစ်ပြီး စီးနင်းမှုရှိမယ် စီးနင်းမှုများလာ မယ်ဆိုရင် စဉ်းစားဆောင်ရွက် ပေးမယ်လို့ ပြောဆိုထားပါတယ်။

Telegram – t.me/positiveanglenews

#PAN