ခြေ/ဥပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းမည်

(လွှတ်တော်) နိုဝင်ဘာ ၆

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏သဘောတူညီချက်ဖြင့် အတည်ပြုလိုက်သည်။

အဆိုပါကော်မတီဖွဲ့စည်း​ရေးနှင့်ပတ်သက်ပြီး သင့်တော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရန် နိုဝင်ဘာ ၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇင်မင်းထက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို ပြင်ဆင်နိုင်ရန်နှင့်ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း (၁)၊ (၂)၊ (၃) ပါအချက်များနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

ပြင်ဆင်ဖြည့်စွက်သင့်သည့်များကို နိုင်ငံတော်သမ္မတက ဇူလိုင် ၁ ရက်နေ့က ပြည် ထောင်စုလွှတ်တော်သို့သဝဏ်လွှာပေးပို့ထား သည်ဟု ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

ယင်းအချက်များထဲတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်ဆဲရေးသဘောတူစာချုပ်(NCA) အပိုဒ် ၂၀(င)အရ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခဲ့ကြသည့်အချက်များပါဝင်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ် အ ပိုင်း(၁)၊ (၂)၊ (၃)ပါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည် ဆောက်ရေးဆိုင်ရာအချက်တွေ၊ နိုင်ငံတော်သမ္မတ ပေးပို့ထားတဲ့ သဝဏ်လွှာပါ EAO တွေနဲ့ ညှိနှိုင်းရရှိထားတဲ့အချက် ၂၁ ချက်အပါ အဝင် နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ညှိနှိုင်းရရှိထားတဲ့ ပြင်ဆင်ဖြည့်စွက်သင့်တဲ့အချက် ၄၃ ချက်ကို လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်း ဆောင်ရွက်နိုင်ဖို့ အဆိုတင်သွင်းရတာဖြစ်တယ်လို့ အဆိုရှင်က တင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ အခန်းစနစ် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ရဲ့ ပြဌာန်းချက် တွေအရ ပြင်ဆင်တဲ့အဆင့်မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေး လေ့လာသုံးသပ်အကောင် အထည်ဖော် နိုင်မယ့် ယန္တရားတစ်ရပ် စနစ်တကျဖွဲ့ စည်းဆောင်ရွက်သွားဖို့ လိုအပ်နေတဲ့အတွက်ကြောင့်ဟု ၎င်းက ပြောသည်။

ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်က ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Telegram – t.me/positiveanglenews

#PAN