

(ကျန်းမာရေး) နိုဝင်ဘာ ၅
‘Ace’ အမှတ်တံဆိပ် သီးစုံချဉ်ပေါင်းနှင့် ‘Quick’ အမှတ်တံဆိပ် သခွားမွှေးသီးအရသာ၊ လိုင်ချီးသီးအရသာ အချိုရည်တို့တွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထားသည်။
FDA ၏ စစ်ဆေးတွေ့ရှိချက်အရ ကလောမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ‘Ace’ အမှတ်တံဆိပ် သီးစုံချဉ်ပေါင်းတွင် Benzoic acid ပါဝင်မှု ၁,၄၅၈.၂၀ mg/kg ရှိပြီး သတ်မှတ်ပမာဏ ၁,၀၀၀ mg/kg ထက် ကျော်လွန်နေကြောင်း၊ Sodium Cyclamate ပါဝင်မှုမှာလည်း ၄,၆၀၇.၅၄ mg/kg ရှိ၍ သတ်မှတ်ပမာဏ ၁,၀၀၀ mg/kg ထက် ကျော်လွန်နေကြောင်း သိရသည်။
ထို့ပြင် Essential (Foodstuff) Co., Ltd. က ထုတ်လုပ်သည့် ‘Quick’ အမှတ်တံဆိပ် သခွားမွှေးသီးအရသာ အချိုရည်တွင် Sodium Cyclamate ပါဝင်မှု ၁,၄၈၈.၂၄ mg/kg ရှိပြီး သတ်မှတ်ပမာဏ ၃၅၀ mg/kg ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အလားတူ ‘Quick’ အမှတ်တံဆိပ် လိုင်ချီးသီးအရသာ အချိုရည်တွင် Benzoic acid ပါဝင်မှု ၃၅၂.၅၁ mg/kg ရှိ၍ သတ်မှတ်ပမာဏ ၂၅၀ mg/kg ထက် ကျော်လွန်နေသည့်အပြင် Sodium Cyclamate ပါဝင်မှု ၁,၄၈၇.၄၉ mg/kg ရှိပြီး သတ်မှတ်ပမာဏ ၃၅၀ mg/kg ထက် ကျော်လွန်နေကြောင်း သိရသည်။
အဆိုပါ ‘Quick’ အမှတ်တံဆိပ် အချိုရည်များကို ထုတ်လုပ်သည့် Essential (Foodstuff) Co., Ltd. သည် အမှတ် (၅၄)၊ အောင်သပြေလမ်း၊ (၇) ရပ်ကွက် (အရှေ့)၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိကြောင်း သိရသည်။
FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ သတ်မှတ်ပမာဏထက် ကျော်လွန်သော အစားအသောက်ထပ်ဖြည့်ပစ္စည်းများ ပါဝင်နေသည့် အဆိုပါ ထုတ်ကုန်များကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။