(မှုခင်း) အောက်တိုဘာ ၃၀
မန္တလေးမြို့ ကညန ရုံးအနီး ကားပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားအားသတ်ခဲ့သူ ဆယ်ကျော်သက်လူငယ်ကို နေ့ချင်း ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ၂၉ရက် နံနက်ပိုင်းက မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း နှင့် ရန်-မန်းလမ်းကြား၊ ကညနရုံးအနီး၊ သိပ္ပံလမ်းဘေးတွင်ရပ်ထားသော Honda Vanos အမျိုးအစား အနက်ရောင်ယာဉ်ပေါ်တွင် ကိုမျိုးသန့် အသက် ၃၃ နှစ် သည် ညာဘက်နဖူးပျက်ရှ ဒဏ်ရာ တစ်ချက်၊ ညာဘက်ပါးပြတ်ရှဒဏ်ရာ သုံးချက်၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ သုံး ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာလက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး သေဆုံးသူမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှ ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အသက် ၁၉ နှစ်အရွယ် ကောင်းခန့်စိုးသည် သေဆုံးသူနှင့် ယခင်က ခင်မင်ရင်းနှီးခဲ့သူဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်ညတွင် တယ်လီဂရမ်မှတစ်ဆင့် ဆက်သွယ်ကာ ဘီယာဆိုင်၌ အတူသောက်စားခဲ့ကြပြီးနောက် ကားပေါ်တွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်သူသည် လူသတ်မှုကျူးလွန်ပြီးနောက် သေဆုံးသူထံမှ ရွှေဆွဲကြိုး၊ ငွေကြေးနှင့် ဖုန်းများကို ယူဆောင်ကာ ထွက်ပြေးခဲ့သော်လည်း ၎င်းအား လိုက်လံစုံစမ်းရာမှ ကျောက်ဆည်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့် ယူဆောင်သွားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကောင်းခန့်စိုးအား အမှတ် (၁၁) နယ်မြေရဲစခန်းတွင် (ပ) ၁၅၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး ပူးပေါင်းပါဝင်ခဲ့သည့် မီးနီအိုးဝေယာဉ်မောင်းကိုလည်း ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN