ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းသည့် RC တစ်ထပ် သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

(ပြည်တွင်း) အောက်တိုဘာ ၃၀

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက AHA Centre မှတစ်ဆင့် လှူဒါန်းသည့် RC တစ်ထပ် သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်နှင့် တာဝန်ရှိသူများ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ တာဝန်ရှိသူများနှင့် AHA Centre မှ အမှုဆောင်ဒါရိုက်တာတို့လည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံအစိုးရအနေဖြင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့များ စေလွှတ်ပေးခဲ့သည့်အပြင် ပြန်လည်ထူထောင်ရေး ကာလအတွက် အသင့်တပ်ဆင် စာသင်ဆောင် (Prefabricated School) ၉ ဆောင်၊ သာသနိက အဆောက်အအုံနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး AHA Centre အမှုဆောင်ဒါရိုက်တာက တည်ဆောက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ လှူဒါန်းပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အပြန်အလှန် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အထက (သပြေပင်) သို့ သွားရောက်ကာ ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းထားသည့် အသင့်တပ်ဆင် စာသင်ဆောင်အား လှည့်လည်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျောင်းသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။