(နိုင်ငံတကာ) အောက်တိုဘာ ၂၁
ပြင်သစ်နိုင်ငံတစ်ဝန်း လူနေမှုစရိတ်ကြီးမြင့်မှုကို ဆန့်ကျင်သည့် အကြီးစားဆန္ဒပြပွဲများကို စနေနေ့တွင် ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်း လူဦးရေ ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး အချို့ဒေသများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်များအတွင်း ပြင်သစ်နိုင်ငံ အလယ်ပိုင်းရှိ လီမိုဂျ်မြို့၏ နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ မြို့တော်ခန်းမတစ်ခုလည်း မီးရှို့ခံရပြီး အဆောက်အအုံ၏ အစိတ်အပိုင်းများစွာ ပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လီမိုဂျ်မြို့တော်ခန်းမ (Limoges town hall) ၏ အမိုးတစ်ခုလုံး မီးတောက်များ ဝါးမြိုလောင်ကျွမ်းနေပြီး အဆောက်အအုံ၏ မျှော်စင်ထိပ်ပိုင်း ပြိုကျသွားသည့် ရုပ်သံမှတ်တမ်းများလည်း ထွက်ပေါ်လာခဲ့သည်။
Haute-Vienne စီရင်စုအုပ်ချုပ်ရေးအဖွဲ့၏ ပြောကြားချက်အရ မျက်နှာဖုံးစွပ်ထားသည့် ဆူပူအကြမ်းဖက်သူများသည် စနေနေ့ ညနေ ၆ နာရီခန့်တွင် မြို့တော်ခန်းမအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
“Haute-Vienne မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ရန် အင်အားအများအပြားဖြင့် ချက်ချင်းစေလွှတ်ခဲ့သည်” ဟု စီရင်စုအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် လီမိုဂျ်မြို့တော်ခန်းမသည် သမိုင်းဝင်အမွေအနှစ်နေရာဖြစ်သကဲ့သို့ အားလုံးအတွက် အထင်ကရနေရာတစ်ခုလည်း ဖြစ်ကြောင်းနှင့် အဆောက်အအုံမှာ အများအပြား ပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များက ဖော်ပြခဲ့သည်။
Rue Jean Jaurès လမ်းတစ်ဝိုက်ရှိ စီးပွားရေးလုပ်ငန်းဆိုင်အချို့ကိုလည်း လုယက်ခဲ့ကြောင်း သိရသည်။Haute-Vienne စီရင်စုအုပ်ချုပ်ရေးမှူး မောရစ် ဘာရတ် (Maurice Barate) က မြို့တော်ခန်းမ မီးရှို့ခံရမှုအပါအဝင် စနေနေ့က မြို့အတွင်း ဖြစ်ပွားခဲ့သည့် အခြားဖြစ်စဉ်များကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ လူဦးရေ ၂,၀၀၀ ခန့်သည် မြို့အရှေ့ပိုင်းရှိ Casseaux ဒေသတွင် မွန်းလွဲ ၂ နာရီခန့်က စုဝေးခဲ့ကြသည်။
၎င်းတို့အနက် “ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လာရောက်သူ ၅၀၀ ကျော်” ပါဝင်ခဲ့ကြောင်း စီရင်စုအုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။
ဆန္ဒပြသူအချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အရာဝတ္ထုများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြသည်။
ယင်းဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင် လေးဦးသည် ပိုမိုပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ရဲယာဉ်လေးစီးလည်း ဖျက်ဆီးခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။
ထို့နောက် ဆန္ဒပြသူများသည် A20 အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ရန် ရွေ့လျားခဲ့ကြပြီး နောက်ပိုင်းတွင် မြို့လယ်ခေါင်သို့ ဦးတည်သွားခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲများနှင့် ဆက်စပ်၍ ဒေသအတွင်း လူ ၁၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။လီမိုဂျ်မြို့တော်ခန်းမကို ၁၈၇၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၈၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လီမိုဂျ်မြို့တော်ဝန် ဂီယိုမ့် ဂျူရင် (Guillaume Guérin) က ဆန္ဒပြခွင့်သည် အခွင့်အရေးတစ်ခုဖြစ်ပြီး ပြည်သူများ၏ ဒေါသနှင့် မကျေနပ်ချက်များကိုလည်း နားထောင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
သို့သော် မည်သည့်သဘောထားကွဲလွဲမှု သို့မဟုတ် မကျေနပ်ချက်မျိုးကမျှ အများပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းအား တရားမျှတစေမည်မဟုတ်ကြောင်း ၎င်းက ဆိုခဲ့ပြီး ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို “လက်ခံနိုင်စရာမရှိ” ဟု သတ်မှတ်ခဲ့သည်။
**ပါရီမြို့တွင်လည်း ဆိုင်များ လုယက်ခံရပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြု**ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများတွင် လူဦးရေ ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး မြို့တော်ပါရီတွင် လူဦးရေ ၁၁၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။ ယခုဆန္ဒပြပွဲများသည် ဆက်လက်ဖြစ်ပွားနေသည့် ကျောင်းသားဆန္ဒပြပွဲများနှင့် ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါရီမြို့တွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး ဆိုင်များကို ကျယ်ကျယ်ပြန့်ပြန့် လုယက်မှုများ ရှိခဲ့သည်။ လူစုလူဝေးများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များ အသုံးပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆန္ဒပြပွဲများကို သတင်းယူနေသည့် Euronews သတင်းအဖွဲ့မှ သတင်းထောက်များသည် စနေနေ့တွင် Place de la République အနီး၌ လုယက်သူများနှင့် ဆူပူအကြမ်းဖက်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သို့သော် ပါရီမြို့၏ အခြားနေရာများဖြစ်သည့် ၁၈ ရပ်ကွက်အတွင်းရှိ Boulevard de Clichy နှင့် Place de Clichy တစ်ဝိုက်တွင်မူ အခြေအနေမှာ ငြိမ်းချမ်းနေခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့နေသည့် Euronews သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
**မက်ခရွန်က အကြမ်းဖက်မှုများကို ရှုတ်ချ၊ ကျူးလွန်သူများကို တရားစွဲမည်ဟု ပြောကြား**ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က စနေနေ့ညနေပိုင်းတွင် လူမှုကွန်ရက်မှတစ်ဆင့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပြောကြားရာ၌ ပြင်သစ်နိုင်ငံတွင် “အကြမ်းဖက်မှုအတွက် နေရာမရှိ” ဟု ဆိုခဲ့သည်။
“အုပ်ချုပ်ရေးရုံးတွေနဲ့ ဆိုင်တွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့သူတွေ၊ မြို့တော်ခန်းမတွေကိုတောင် လုယက်ခဲ့သူတွေကို တရားစွဲဆိုပြီး အပြစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် အဆိုပါဆန္ဒပြပွဲများသည် လူနေမှုစရိတ်ကြီးမြင့်မှုအပေါ် ပြည်သူများ၏ မကျေနပ်ချက်များကို ဖော်ထုတ်ခဲ့သည့်အပြင် အချို့ဒေသများတွင် အကြမ်းဖက်မှု၊ အများပိုင်အဆောက်အအုံများ ပျက်စီးမှု၊ ဆိုင်များ လုယက်ခံရမှုနှင့် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှုများအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN