(မှုခင်း) အောက်တိုဘာ ၂၁
ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပါက တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ထောက်ပံ့ကြေးနှင့် ကိုရီးယားနိုင်ငံ၌ မိသားစုဝင်များ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမည်ဟု စည်းရုံးကာ အမျိုးသမီးတစ်ဦးကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ကြိုးပမ်းခဲ့သူ သိမ့်သိမ့်နွေးအား အလုံခရိုင်တရားရုံးက အောက်တိုဘာ ၁၉ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ) ရပ်ကွက်၊ မြရတနာ (၅) လမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းကမ်းနားလမ်းတွင် နေထိုင်သည့် သိမ့်သိမ့်နွေးနှင့် ဝဇီရာ (၆) လမ်းတွင် နေထိုင်သည့် အေးအေးဝင်းတို့က ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ လစဉ်ထောက်ပံ့ကြေးရရှိရေးနှင့် ကိုရီးယားနိုင်ငံ၌ မိသားစုဝင်များ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့သည်။
ယင်းနောက် အဆိုပါအမျိုးသမီးကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သည်။
ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုအမှတ် (ပ) ၁၀၈/၂၀၂၆ ဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အမှုဖွင့်ကာ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ဖမ်းမိတရားခံ သိမ့်သိမ့်နွေးကို အလုံခရိုင်တရားရုံးက အောက်တိုဘာ ၁၉ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews#PAN