အင်းတော်-ဝန်းသို-ကောလင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းတစ်ဝိုက် ကျေးရွာများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ထုတ်ပြန်

(ပြည်တွင်း) အောက်တိုဘာ ၂၁

အင်းတော်-ဝန်းသို-ကောလင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းတစ်ဝိုက်ရှိ ကျေးရွာများကို အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အတွင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါနယ်မြေများအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တပ်မတော်စစ်ကြောင်းများသည် ပြည်သူများအတွက် အရေးပါသည့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို ၂၀၂၆ ခုနှစ် မေလ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်ကာ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုလွယ်ကူလျင်မြန်လာခဲ့ပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ အင်းတော်-ဝန်းသို-ကောလင်းလမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်းလမ်းကြောင်းပေါ်တွင် အခြေပြုကာ ခံစစ်စခန်းငယ်များ ဆောက်လုပ်ထားပြီး ခရီးသွားပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်နေသည်ဟုဆိုသည့် လက်နက်ကိုင်အဖွဲ့များ၏ အခြေပြုစခန်းများကို ရှင်းလင်းနိုင်ရေးအတွက် အင်းတော်မြို့တွင် တပ်မတော်စစ်ကြောင်းများ စနစ်တကျစုဖွဲ့ကာ စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါစစ်ဆင်ရေးအတွင်း အောက်တိုဘာ ၅ ရက်တွင် လယ်နောင်ကျေးရွာနှင့် ကမ်းနီကျေးရွာ၊ အောက်တိုဘာ ၉ ရက်တွင် ပင့်သချေကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနှင့် နန့်သဲကျေးရွာတို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာ ၁၂ ရက်တွင် ကျောက်တောကျေးရွာအနီးရှိ လက်နက်ကိုင်အဖွဲ့များ၏ စခန်းတစ်ခုနှင့် ကြိမ်ချောင်းကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် ပိန်းအင်းကျေးရွာ၊ အောက်တိုဘာ ၁၄ ရက်တွင် ဆင်ကုန်းကျေးရွာ၊ အောက်တိုဘာ ၁၆ ရက်တွင် ညောင်ကိုင်းကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် နမ်းခမ်းကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မအူကုန်းကျေးရွာတို့ကိုလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများအတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များသည် အဆိုပါဒေသတစ်ဝိုက်ကို ယာယီထိန်းချုပ်ထားစဉ် ကျေးရွာများအတွင်း ဆက်သွယ်ရေးမြောင်းများတူးဖော်ခြင်း၊ ပြည်သူများ၏ နေအိမ်များနှင့် ခြံစည်းရိုးများတွင် ဘန်ကာများတည်ဆောက်ခြင်းတို့ဖြင့် ခံစစ်ပြင်ဆင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့များသည် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ကာ လမ်းပေါ်သွားလာနေသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းနှင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလုပ်ရပ်များကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးခဲ့ရပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နိမ့်ပါးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews

#PAN