(ကျန်းမာရေး) အောက်တိုဘာ ၂၁
ကျေးလက်ဒေသအမျိုးသမီးများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ကူးစက်နှင့် မကူးစက်ရောဂါများ ကာကွယ်ရေး၊ အာဟာရနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေး၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး စသည့် ကဏ္ဍ ၆ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ဗဟိုအဆင့်သင်တန်းဖွင့်ပွဲမှ သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Hotel Amara ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကျေးရွာ ၄၅ ရွာတွင် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဗဟိုအဆင့်သင်တန်းကို အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သင်တန်းပြီးစီးပါက သက်ဆိုင်ရာကျေးရွာများတွင် ရွေးချယ်ထားသည့် ဆယ်အိမ်စု စေတနာ့ဝန်ထမ်းအမျိုးသမီးများကို သင်တန်းများ ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN