ပြင်ဦးလွင်အတက်လမ်းတွင် ကုန်တင်ယာဉ်တိမ်းမှောက်၊ ၃ ဦး ဒဏ်ရာရ

(ပြည်တွင်း) အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ကျောက်ဖျာဒိုးကျေးရွာအနီး၊ မိုင်တိုင်အမှတ် ၃၀ မိုင် ၄ ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့ဘက်သို့ မောင်းနှင်လာသည့် Mitsubishi Canter အမျိုးအစားယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ အနက် ၁၂ ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ကို ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂)၊ ရေချမ်းအိုးတောင်ကျေးရွာနေ ဦးကျော်သူ၊ အသက် ၄၀ နှစ်က မောင်းနှင်ခဲ့ပြီး ယာဉ်အကူ ကိုနိုင်ဝဏ္ဏဇော်၊ အသက် ၂၁ နှစ်နှင့် ညောင်ပင်သာကျေးရွာနေ ကိုဇင်မင်းထွန်း၊ အသက် ၂၃ နှစ်တို့ လိုက်ပါလာခဲ့ကြသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ၎င်းတို့သုံးဦးစလုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သည်ဟုဆိုကာ ယာဉ်မောင်း ဦးကျော်သူကို ပြင်စာနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN