အရေးပေါ်အမိန့်ကို ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုး၊ ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကို ချန်လှပ်

(ပြည်တွင်း) အောက်တိုဘာ ၁၉

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တို့ကို ယခုသက်တမ်းတိုးမှုတွင် ချန်လှပ်ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၇/၂၀၂၆ ကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမိန့်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၃/၂၀၂၆ ကို ဆက်လက်အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအမိန့်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ အောက်တိုဘာ ၁၈ ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမိန့်အရ မူလအမိန့်တွင် ဖော်ပြထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များအနက် ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့မှအပ ကျန်မြို့နယ်များတွင် အမိန့်ဆက်လက်အတည်ဖြစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၆ နှင့်ပတ်သက်၍ အောက်တိုဘာ ၁၈ ရက်တွင် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၆ ကို ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်တွင်လည်း အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့မှအပ ကျန်သတ်မှတ်မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်များအရ မြို့နယ်သုံးမြို့နယ်ကို အမိန့်ဆက်လက်သက်တမ်းတိုးမှုမှ ချန်လှပ်ခဲ့သော်လည်း အခြားသတ်မှတ်မြို့နယ်များတွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် စစ်အုပ်ချုပ်ရေးအမိန့်တို့ ဆက်လက်အတည်ဖြစ်နေမည်ဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN