
(ပြည်တွင်း)အောက်တိုဘာ ၁၇
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရထားစီး ခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များ၊ လေအိတ်ရထားတွဲဆိုင်းများနှင့် ရိုးရိုး (AAR) တွဲဆိုင်းများဖြင့် နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသွားလာမှု များပြားလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ လာမည့် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများကိုပါ တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန် ပြေးဆွဲနေသည့် ရထားများအတိုင်းပင် ဖြစ်သည်။
ထို့အပြင် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ပုံမှန်ပြေးဆွဲနေသော ရန်ကုန်-မန္တလေး လမ်းပိုင်းမှ အမှတ် (၁၁) အဆန် / (၁၂) အစုန်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှ အမှတ် (၈၁) အဆန် / (၈٢) အစုန်၊ ရန်ကုန်-ပြည် လမ်းပိုင်းမှ အမှတ် (၇၁) အဆန် / (၇၂) အစုန်နှင့် ရန်ကုန်-ပျဉ်းမနား-ပုဂံ လမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် အမှတ် (၆၁) အဆန် / (၆၂) အစုန် လူစီးအမြန်ရထားတို့တွင်လည်း လူစီးတွဲများ ထပ်တိုး၍ ဝန်ချိန်ပြည့် ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ရထားလက်မှတ်များကို အွန်လိုင်းမှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေသည့်စနစ် (Online Railway Ticketing and Payment System – ORTP) ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံး ဘူတာများအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၅ ရက် ကြိုတင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။