NCA ၁၁ နှစ်မြောက်အခမ်းအနားတွင် လိုလားချက်များထက် ဖြစ်သင့်ဖြစ်ထိုက်မှုကို ဆွေးနွေးအဖြေရှာရန် သမ္မတတိုက်တွန်း

(ပြည်တွင်း) အောက်တိုဘာ ၁၆

မိမိတို့ဖြစ်ချင်သည့်အရာများကိုသာ ဦးစားပေးတောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည့်အရာများနှင့် ဖြစ်နိုင်သည့်အရာများကို တွေ့ဆုံဆွေးနွေးအဖြေရှာကာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတ ဦးမင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် Video Message ဖြင့် ပေးပို့သည့် အဖွင့်မိန့်ခွန်း၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်ကာလများအတွင်း NCA နှစ်ပတ်လည်အခမ်းအနားများ၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးဖိုရမ်များနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များ ကျင်းပခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံညှိနှိုင်းကာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ယခင်အစိုးရနှစ်ဆက်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးသဘောတူခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂ နှင့် ၃ တို့ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝခံစားနိုင်ရေးနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အတူတကွ လျှောက်လှမ်းနိုင်ရေးသည် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကို လေးစားသကဲ့သို့ လူနည်းစု၏ ဆန္ဒနှင့် အခွင့်အရေးများကိုလည်း အလေးထားရန်လိုကြောင်း သမ္မတက ပြောကြားခဲ့သည်။

သဘောထားမတူသူများကို ရန်သူအဖြစ် သတ်မှတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ဖက်ဒရယ်စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများကို ခွဲဝေကျင့်သုံးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ယင်းဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံးနှင့် သက်ဆိုင်ကြောင်း သဘောထားကို အလေးထားရန် တိုက်တွန်းခဲ့သည်။

ဒေသခံအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ်အမည် သတ်မှတ်ရေးကိုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြရန် ပြောကြားခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တွေ့ဆုံဆွေးနွေးမှုများကို အပိုင်းလေးပိုင်းခွဲ၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန် နှစ်ဖက်ဆွေးနွေးပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။

NCA အရ တရားဝင်အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအထိ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် ဒီမိုကရေစီယဉ်ကျေးမှု ကျင့်သုံးရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာများ ချမှတ်ရေး၊ ငြိမ်းချမ်းရေးနှင့်အတူ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုဖြစ်စေသည့် အကြောင်းအရာများကို သုတေသနပြုကာ ကာကွယ်တားဆီးရေးတို့ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN