လူမှုကွန်ယက်ပေါ်တွင် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏အမည်ကို အသုံးပြု၍ လိမ်လည်အလှူခံနေသည့် အကောင့်ကို အမှုဖွင့်အရေးယူ

(ပြည်တွင်း) အောက်တိုဘာ ၁၄

လူမှုကွန်ယက်ပေါ်တွင် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏အမည်ကို အသုံးပြု၍ အလှူငွေများလှူဒါန်းနိုင်ကြောင်း လိမ်လည်၍ ကြေညာဆောင်ရွက်နေသူများကို ဥပ‌ဒေအရအမှုဖွင့် အရေးယူ‌ ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၁၃ ရက် ည‌နေပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

မဟာမုနိဘုရားကြီးအား ရွှေစင်ရွှေပြားများလှူဒါန်းခြင်း၊ ညရုံခြုံထည်သင်္ကန်းအလှူခံခြင်း အပါအဝင် လှူဒါန်းမှုများကို ဂေါပကအဖွဲ့အမည်သုံးစွဲလျက် TikTok mahamunibuddha11 & mahamuni Pagoda Trustees၊ တာဝန်ခံ K-pay( Ei Ei Phyoe )အမည်တို့ဖြင့် အလှူငွေများလှူဒါန်းနိုင်ကြောင်း လူမှုကွန်ယက်တွင် လိမ်လည်၍ ကြေညာဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ အကောင့်အတုများဖြင့် လှူဒါန်းမှုမပြုလုပ်ကြရန်၊ ၎င်းအကောင့်(၂)ခုသည် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အမည်သုံး၍ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိနိုင်ပါရန်နှင့်၊ ၎င်းအကောင့် K-pay အား သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားကာ ပိတ်သိမ်းရေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လူမှုကွန်ယက် Online အသုံးပြုလိမ်လည်သဖြင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁ဝ)ရဲစခန်း ပထမသတင်းပေးချက်အမှတ် (၈၁/၂ဝ၂၆) ဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေအရအမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အသိပေးကြေညာထားသည်။