(မှုခင်း)အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ၃နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးငြိမ်းရပ်ကွက်တွင် အောင်မျိုးဦး အား စိတ်ကြွဆေးပြား ၈၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီးကွင်းဆက်ဖော်ထုတ်ချက်အရ ယနေ့ ညနေ၄နာရီ၂၀မိနစ် အချိန်တွင် ထွန်းထွန်းလင်း(ခ)ကောက်ကွေး အား လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် စိတ်ကြွဆေးပြား ၁,၂၀၀ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ညနေ ၅နာရီ၅၀မိနစ် အချိန်တွင် ရဲဝင့်အောင်(ခ)ကိုရဲ အား လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် စိတ်ကြွဆေးပြား ၃၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများဖြစ်သည့် အောင်မျိုးဦး(၂၇)နှစ်၊ ထွန်းထွန်းလင်း(ခ)ကောက်ကွေး(၄၈)နှစ် နှင့် ရဲဝင့်အောင်(ခ)ကိုရဲ(၃၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN