ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သောင်းကျော် ဖမ်းမိ

(မှုခင်း)အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဟဲကယ်တိုးဂိတ် အနီးတွင် အမှတ် (၂၅) မူးယစ်မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ စောင့်ဆိုင်းနေစဉ် အေးသာယာမြို့၊ ရပ်ကွက် (၂) နေ မျိုးမင်းဦး (ခ) ဆံရှည် (ခ) ပေတူး မှ Wave 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် တားဆီး စစ်ဆေးခဲ့ရာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ် ထိုင်ခုံအောက် တူးဘောက်အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၇ ထုပ်၊ စုစုပေါင်းဆေးပြား ၁၄၀၀ ပြား၊ ကာလတန်ဖိုး ၄၂၀၀၀၀ ကျပ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဖမ်းဆီးရမိသူ မျိုးမင်းဦး (ခ) ဆံရှည် (ခ) ပေတူး၏ ပြောပြချက်အရ ယင်းမူးယစ်ဆေးဝါး များအား ဟဲကယ်ကျေးရွာရှိ သက်ရက်ခြံတွင် ဟိန်းဝဏ္ဏထွန်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် ဟိန်းဝဏ္ဏထွန်းအား ဟဲကယ်ကျေးရွာ ဘုန်းကြီးကျောင်း အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများကို ဟဲကယ်ကျေးရွာနေ စိုင်းဖြစ် ထံမှ ဝယ်ယူကာ တစ်ဆင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသဖြင့် ယင်းနေ့ ညပိုင်းတွင် စိုင်းဖြစ်အား ဖမ်းဆီးရမိခဲ့ပြီး၎င်း၏နေအိမ် အိမ်ရှေ့ခန်းအောက်ထပ် မြေကြီးအတွင်း မြှုပ်၍ သိုဝှက်ထားသည့် ပီနံအိတ်အဝါရောင်အတွင်းမှ အဝါရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားပါ အထုပ်ကြီး ၃ ထုပ်၊ စုစုပေါင်း ဆေးပြား ၃၀၀၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၉၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စိုင်းဖြစ်၏ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား မိုင်းကိုင်မြို့နယ်၊ ဆိုင်းလျန်ကျေးရွာနေ အေးနောင့် ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချသူများဖြစ်သည့် မျိုးမင်းဦး (ခ) ဆံရှည် (ခ) ပေတူး၊ ဟိန်းဝဏ္ဏထွန်း၊ စိုင်းဖြစ်နှင့် အေးနောင့်တို့ ၄ ဦးအား ရွှေညောင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN