သမ္မတ ဦးမင်းအောင်လှိုင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ငါးနိုင်ငံမြောက်အဖြစ် မလေးရှားသို့ Official Visit သွားရောက်

(ပြည်တွင်း) အောက်တိုဘာ ၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုစရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

အဆိုပါခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ငါးနိုင်ငံမြောက် သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး ထိုင်း၊လာအို၊ကမ္ဘောဒီးယာနှင့်ဗီယက်နမ်နိုင်ငံများကိုလည်း သွရောက်ခဲ့ပြီးဖြစ်သည်။

သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

ရောက်ရှိလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မလေးရှားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။