တာချီလိတ်မြို့တွင် ငွေကျပ် ၄,၇၄၂.၀၅၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ် ၄,၇၄၂.၀၅၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက် ည၈နာရီ အချိန်က တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ စိုင်းကျော်ထွန်း(ခ)အားဖျင် ၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၈၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၉၆ သိန်း)၊ ကက်တမင်းအဆီရည် ၁.၃၇၅ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၄,၁၂၅ သိန်း)၊ စိတ်ကြွဆေးပြား ၃,၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၁ သိန်း)၊ အက်တက်စီအခဲ ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀)၊ အနံ့ဆေးရည် ၀.၈ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၅,၆၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးမိသည့် တရားခံ စိုင်းကျော်ထွန်း(ခ)အားဖျင်(၄၂)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN