လေယာဉ်လက်မှတ်ဈေး မြှင့်ရောင်းခြင်းနှင့် Fake Account ဖြင့် ရောင်းချခြင်းတွေ့ရှိပါက အရေးယူမည်

(ပြည်တွင်း) အောက်တိုဘာ ၅

လေကြောင်းလိုင်းများ၏ သတ်မှတ်လေယာဉ်လက်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းနှင့် Fake Account များမှတစ်ဆင့် လေယာဉ်လက်မှတ်ရောင်းချခြင်းများ တွေ့ရှိပါက မည်သူမဆို ပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း သို့မဟုတ် Fake Account များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းရှိပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့်ဈေးနှုန်းနှင့် ငွေပေးချေသည့်အထောက်အထားတို့ကို တိတိကျကျ ဖော်ပြ၍ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ယင်းကဲ့သို့ တိုင်ကြားရာတွင် လက်မှတ်ဝယ်ယူမှုနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် ငွေပေးချေမှုအထောက်အထားများကို ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်လက်မှတ်ဈေးနှုန်းများနှင့် ပတ်သက်၍ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ မန္တလေး-ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာမြောက် မော်တော်ကားလမ်းကြီးသည် တိုက်ခိုက်မှုများကြားမှ ဖြတ်သန်းသွားလာရသဖြင့် ဒေသခံများအနေဖြင့် လေကြောင်းခရီးစဉ်ကို အဓိကအားထားနေရကြောင်း မေးမြန်းခဲ့သည်။

ယခင်က မန္တလေး-မြစ်ကြီးနား လေယာဉ်ခရီးစဉ်များမှာ တစ်နေ့လျှင် လေယာဉ် ၂ စီးမှ ၃ စီးအထိ ပုံမှန်ပြေးဆွဲခဲ့သဖြင့် ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအတွက် သွားလာရလွယ်ကူခဲ့ကြောင်း ဦးညွန့်ဝင်းက ပြောကြားခဲ့သည်။

သို့သော် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လေယာဉ်တစ်စင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း လေကြောင်းလိုင်းများ ရပ်တန့်ခဲ့ရပြီး အစိုးရအဖွဲ့၏ ကြိုးပမ်းမှုဖြင့် ၄၅ ရက်ခန့်အကြာ ဧပြီလပထမပတ်မှစ၍ တစ်ရက်လျှင် လေယာဉ်တစ်စီးနှုန်း ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် မန်းရတနာပုံလေကြောင်းလိုင်း၊ စနေနေ့တွင် အဲသံလွင်လေကြောင်းလိုင်း၊ သောကြာနေ့နှင့် အင်္ဂါနေ့များတွင် MAI လေကြောင်းလိုင်း၊ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် MNA လေကြောင်းလိုင်းတို့က ပြေးဆွဲပျံသန်းပေးလျက်ရှိကြောင်း သိရသည်။

ဦးညွန့်ဝင်းက လက်ရှိတွင် တစ်ရက်လျှင် လေယာဉ်တစ်စီးသာ ပြေးဆွဲနေသဖြင့် ခရီးသွားပြည်သူများအတွက် သွားလာနိုင်မှု အကန့်အသတ်ရှိနေပြီး အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသူများ အခက်အခဲများကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

အချို့မှာ အချိန်မီ ဆေးဝါးကုသခွင့်မရသဖြင့် အသက်ဆုံးရှုံးရသည့် အခြေအနေများပင် ကြုံတွေ့နေရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့် အခြားလူမှုရေးကိစ္စများအတွက်လည်း လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးရန် လိုအပ်ကြောင်း ၎င်းက တင်ပြခဲ့သည်။

ထို့အပြင် လေယာဉ်တစ်စီးတည်း ပြေးဆွဲနေရခြင်းကြောင့် လေယာဉ်လက်မှတ်ခများ အဆမတန်မြင့်တက်နေကြောင်း၊ ပုံမှန်အားဖြင့် မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခမှာ ကျပ် ၆၅၀,၀၀၀ ကျော်သာရှိသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ပေးဝယ်နေရကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

ထို့ကြောင့် မန္တလေး-မြစ်ကြီးနား၊ မြစ်ကြီးနား-မန္တလေး လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လေယာဉ်လက်မှတ်ခများကို ပြင်ပပေါက်ဈေး၊ မှောင်ခိုဈေးကွက်ဈေးနှုန်းများဖြင့် မြင့်မားစွာ ဝယ်ယူနေရမှုကို မည်သို့ထိန်းချုပ်သွားမည်ကို ဦးညွန့်ဝင်းက မေးမြန်းခဲ့ကြောင်း သိရသည်။

ယင်းမေးမြန်းမှုနှင့် ဆက်စပ်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းနှင့် Fake Account များမှတစ်ဆင့် ရောင်းချခြင်းများ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN