သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ပုဂံရှိ ဟိုတယ်၊ မိုတယ် ၈၈ လုံး အခန်းပြည့်နေပြီ

(ပြည်တွင်း) အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရန် ဟိုတယ်၊ မိုတယ်များ အခန်းကြိုတင်တင်ယူထားကြသဖြင့် အောက်တိုဘာလ ၂၄ ရက်မှစ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ၈၈ လုံး အခန်းများ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ကာလအတွင်း ခရီးသွား ဘုရားဖူးလာရောက်သူ နှစ်စဉ်များပြားလျက်ရှိပြီး ပုဂံသို့ ဘုရားဖူးလာရောက်ရန် ရည်ရွယ်ထားသူများသည် အောက်တိုဘာလ ပထမပတ်ကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက်မှုများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက်များတွင် ပုဂံဒေသသို့ တစ်ရက်လျှင် ဘုရားဖူးခရီးသွား ၁ သိန်းမှ ၁ သိန်းခွဲအထိ လာရောက်လေ့ရှိပြီး နေ့ချင်းပြန် ခရီးသွားများ ပိုမိုများပြားကာ ဒေသတွင်းရှိ သမိုင်းဝင် အထင်ကရဘုရားများကို ဖူးမြော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်း၊ မြင်းလှည်းနှင့် E-Bike များ ငှားရမ်းစီးနင်းခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

ယခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလဖြစ်သည့် အောက်တိုဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ညောင်ဦးမြို့နှင့် ပုဂံမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ၈၈ လုံးမှာ ကြိုတင်မှာယူမှုများဖြင့် အခန်းများ ပြည့်နှက်နေပြီဖြစ်ကြောင်း သိရှိရသည်။