(စီးပွားရေး) အောက်တိုဘာ ၄
အပူချိန်မြင့်တက်မှုကြောင့် ဓာတ်အားသုံးစွဲမှု မြင့်မားလာခြင်းနှင့် ရေအားလျှပ်စစ်စက်ရုံများ၏ ရေလှောင်တမံများတွင် ရေခန်းခြောက်နိုင်မှုများကို ထိန်းညှိနိုင်ရန်အတွက် အောက်တိုဘာ ၅ ရက်မှစ၍ အနည်းဆုံးပမာဏဖြင့် အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိကာ ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် အသိပေးကြေညာသည်။

မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကုန်ဆုံးကာ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အပြင် ပြင်းထန်အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် နိုင်ငံအတွင်း အပူချိန်သိသိသာသာ မြင့်တက်လာပြီး ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားလိုအပ်ချက်များ မြင့်မားလာနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ယခုနှစ်နွေရာသီတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများတွင် ရေခန်းခြောက်မှု ပိုမိုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ တမံများ၏ ရေသိုလှောင်မှုပမာဏကို ထိန်းညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် စီမံထားကြောင်း သိရသည်။
ထို့အပြင် ယခုနှစ်နွေရာသီမတိုင်မီ ဆိုလာစီမံကိန်းအသစ်များ၊ ရေအားလျှပ်စစ်စီမံကိန်းအသစ်များအပါအဝင် ဓာတ်အားထပ်မံထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပျက်စီးဆုံးရှုံးထားသည့် ဓာတ်အားပေးစနစ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အပူချိန်မြင့်မား၍ ဓာတ်အားလိုအပ်ချက် မြင့်တက်နေချိန်တွင် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု အချိုးညီမှုမရှိပါက ဓာတ်အားထုတ်စက်များ ရုတ်တရက်ရပ်တန့်ခြင်း၊ မဟာဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်ခြင်းနှင့် တစ်နိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်ခြင်း (System Breakdown) တို့ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ကြောင့် လက်ရှိကာလတွင် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု အချိုးညီစေရန် ဝန်အားထိန်းညှိဖြန့်ဖြူးမှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို အောက်တိုဘာ ၅ ရက်မှစတင်၍ ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် –
Telegram – t.me/positiveanglenews
#PAN