တောင်ကြီးတွင် လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးများ ဖမ်းမိမှုမှ အဓိကတရားခံ ၂ ဦးကို အမှုဖွင့်

(မှုခင်း) အောက်တိုဘာ ၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်အမှုနှင့်ပတ်သက်၍ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ရာ ယင်းအမှုမှ အဓိက တရားခံများကို အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက် နံနက်အစောပိုင်းတွင် ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၄)၊ ပန်းတင်လမ်းမဘေးရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ စိုင်းဆိဆိုသူ အမျိုးသားတစ်ဦးကို ပစ္စတိုသေနတ် ၂ လက်အပါအဝင် လက်နက်၊ ခဲယမ်းများ၊ Happy Water ၅၀ ဂရမ်၊ ကတ်တမင်း ၁၀ ဂရမ်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စိုင်းဆိ၏ ထွက်ဆိုချက်အရ အဓိကတရားခံများ ဖြစ်သော မင်းစွမ်းရည်ထူးနှင့် နန်းဆိုင်စိန်တို့၏ ယာဉ်မောင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများမှာလည်း အဆိုပါ အဓိကတရားခံ ၂ ဦးပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် Glock 26 Gen-4 အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ၀ ဒသမ ၃၈ ကျည် ၁၀ တောင့်၊ GLOCK-17 AUSTRIA Gas ပစ္စတို ၁ လက်၊ Gas ပစ္စတိုကျည်အိမ် ၁ ခုတို့အပြင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မင်းစွမ်းရည်ထူးနှင့် နန်းဆိုင်စိန်တို့အား တောင်ကြီးနယ်မြေရဲစခန်းတွင် မယ(ပ) ၄၀/၂၀၂၆၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

တောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “အခုက ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ မနက်ဖြန် အောက်တိုဘာလ ၅ ရက်ကျရင်တော့ တရားခံပြေး ကြေညာသွားမှာပါ” ဟု ပြောသည်။

Telegram – t.me/positiveanglenews

#PAN