တောင်ကြီးတွင် ဆိုင်ကယ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားပြီး ၁ ဦးသေဆုံး၊ ၇ဦးဒဏ်ရာရရှိ

(မှုခင်း) စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စက်တင်ဘာ၂၆ရက်နေ့က ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မှု ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံး၊ ၇ဦးဒဏ်ရာရရှိ ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ နောင်ထလီးကျေးရွာ၊ တောင်ကြီးမြို့ရှောင်လမ်းပေါ်တွင် ညိုမီးကျေးရွာဘက်မှ နောင်ထလီးကျေးရွာ ဘက်သို့ ဟိုပုံးမြို့နေသူ ဦးစောလှမွန် မောင်းနှင်လာသော Wave 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ တောင်ကြီးမြို့နယ်၊ ဒုံခါရားကျေးရွာနေ ဦးအီညာရှို့ မောင်းနှင်ပြီး ဇနီးနှင့် ကလေးငယ် ၂ ဦး လိုက်ပါစီးနင်းလာသည့် KENBO 110 အနက်ရောင်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးအီညာရှို့၊ ၎င်း၏ဇနီးနှင့် ကလေး ၂ ဦးတွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ဦးစောမွန်လှ တွင် သွေးထွက်၊ သတိမေ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိကာ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးနေစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ဆိုင်ကယ်မောင်း ဦးစောလှမွန် (သေဆုံး) နှင့် ဦးအီညာရှို့တို့အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ မြစိမ်းတောင်ဘုရားသွားလမ်းတွင် ရွှေဘုန်းပွင့်ဘုရားဘက်မှ မြစိမ်းတောင်ဘက်သို့ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ ကောင်းထက်ကျော် မောင်းနှင်ပြီး နောက်တွင် ဘုရားဖြူရပ်ကွက်နေ လရောင်ထူး လိုက်ပါစီးနင်းလာသည့် Wave 100 အနက်ရောင် ဆိုင်ကယ် သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ မြင့်မြတ်ထွန်း မောင်းနှင်ပြီး ရေအေးကွင်းရပ်ကွက်နေ ရွှေထူးနိုင် လိုက်ပါစီးနင်းလာသည့် Click-160 ဆိုင်ကယ်၏ ဝဲဘက်ခြမ်း ခါးလယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကောင်းထက်ကျော်၊ လရောင်ထူး၊ မြင့်မြတ်ထွန်းတို့တွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ရွှေထူးနိုင်တွင် နှာခေါင်းသွေးထွက်၊ ဝဲခြေသလုံးသွေးထွက်၊ သတိမေ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ဆိုင်ကယ် ယာဉ်မောင်း ကောင်းထက်ကျော် အား တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN