ကလော၌ အရှိန်မထိန်းနိုင်သည့်ကား လမ်းဘေးအုတ်ခုံဝင်တိုက်၊ အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်၊ ကလောမြို့နယ် အောင်ပန်း-ကလော ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံအား ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့နယ် မဲတောင်း (၄ မိုင်) ကျေးရွာနေ နိုင်ဝင်းကိုကို မောင်းနှင်ပြီး အမျိုးသား ၃ ဦး လိုက်ပါလာသည့် TOYOTA HILUX SURF ခဲ/ဖြူရောင်ယာဉ်သည် နံနက် ၅ နာရီခွဲခန့်တွင် အောင်ပန်းဘက်မှ ကလောမြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၇၂/၇ နှင့် ၇၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း နိုင်ဝင်းကိုကိုအပါအဝင် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ဦးကျော်သိန်းမှာ ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး အခြားသူတစ်ဦး သေဆုံးစေခဲ့သည့် ယာဉ်မောင်း နိုင်ဝင်းကိုကိုအား ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈ နှင့် ၃၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN