(မှုခင်း) စက်တင်ဘာ ၁၆
အမြန်လမ်းမကြီးများဥပဒေ အခန်း (၇)၊ ပုဒ်မ (၁၃) အရ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့်မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူနှင့် တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းတို့ကြောင့် လူနှင့်ပစ္စည်း ထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
သို့သော် အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပါက အမြန်လမ်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ခံယူ၍ အတည်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရသည်။
လူ၊ စက်ဘီး၊ ထော်လာဂျီ၊ လှည်းစသည့် အမြန်လမ်းပေါ်တွင် ဖြတ်သန်းသွားလာခွင့်မပြုသည့် အရာများကို တိုက်မိပါက အတိုက်ခံရသူများအနေဖြင့် အမြန်လမ်းမကြီးများဥပဒေကို ဖောက်ဖျက်ထားခြင်း ရှိ၊ မရှိနှင့် ယာဉ်မောင်းသည် ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမောင်းနှင်သူ ဟုတ်၊ မဟုတ်တို့ကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးအတည်ပြုပြီးမှသာ စည်းကမ်းလိုက်နာမောင်းနှင်နေစဉ် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ယာဉ်မောင်းအနေဖြင့် အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ခံစားရမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးထားသည်။
ယင်းနှင့်ပတ်သက်၍ စက်တင်ဘာ ၁၅ ရက် နံနက် ၀၀:၃၀ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၇/၇ နှင့် ၁၇၈/၀ ကြား၊ နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သည့် အပြန်လမ်းတွင် အသက် ၄၅ နှစ်ခန့် အမျိုးသားတစ်ဦးသည် အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေစဉ် မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိကာ လမ်းအလယ်တွင် လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ အဆိုပါအမျိုးသားကို တိုက်မိသည့်ယာဉ်မှာ နီးစပ်ရာ အမြန်လမ်းရဲစခန်းသို့ သတင်းပို့ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
ထိုစဉ် ယာဉ်မောင်း အောင်ချို၊ အသက် ၃၆ နှစ် မောင်းနှင်လာသည့် MDY-25 1K/3158 YUTONG အမျိုးအစား ဝါ/လိမ္မော်/အနီရောင် “စွမ်းထက်သာ” ခရီးသည်တင် Express ယာဉ်သည် ဖြူးတိုးဂိတ်သို့ ရောက်ရှိချိန်တွင် ကားလေကာမှန်ကွဲခြင်းနှင့် ညာဘက်မီးလုံးကွဲခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့များက တွေ့ရှိသဖြင့် မသင်္ကာဖွယ်ရာ စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာ ယာဉ်မောင်း အောင်ချိုက မိုင်တိုင် ၁၇၇/၇ နှင့် ၁၇၈/၀ ကြားတွင် လမ်းလျှောက်နေသည့် လူတစ်ဦးအား တိုက်မိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ယာဉ်ကို ရပ်တန့်၍ အမြန်လမ်းရဲတပ်ဖွဲ့ထံ သတင်းပို့ကာ စစ်ဆေးမှုခံယူရန် ပျက်ကွက်ခဲ့သည့် ယာဉ်မောင်း အောင်ချိုအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပါက ယာဉ်မောင်းများအနေဖြင့် မည်သည့်အခြေအနေဖြစ်စေ နီးစပ်ရာ အမြန်လမ်းရဲတပ်ဖွဲ့ ရဲကင်း သို့မဟုတ် ရဲစခန်းများသို့ မဖြစ်မနေ အမြန်သတင်းပို့၍ စစ်ဆေးမှုခံယူကြရန် သတိပေးတိုက်တွန်းထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN