(နိုင်ငံတကာ) စက်တင်ဘာ ၂
ရုရှားဖက်ဒရယ်နိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရယ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နှင့် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ပညာရေးကဏ္ဍ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရယ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာ အန်တွန်ကိုဗျာကော့ဗ်နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးရှတီရော့ဗ်တို့ကို ဗလာဒီဗော့စတော့မြို့၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#pan