ကမာရွတ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကမာရွတ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စံပါယ်မာဃလမ်း၌ လမ်းလျှောက်လာသူ အောင်မျိုးမင်း(ခ)ကိုမျိုးအား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၀မိနစ်အချိန်တွင် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဇော်ဇော်အောင် မောင်းနှင်ပြီး ပိုင်သူကျော်(ခ)ပိုင်သူ လိုက်ပါလာသည့် NISSAN DIESEL DUMP အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်း၊ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်များနှင့်ပတ်သက်၍ အောင်မျိုးမင်း(ခ)ကိုမျိုး၊ ဇော်ဇော်အောင်နှင့် ပိုင်သူကျော်(ခ)ပိုင်သူတို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN