

(မှုခင်း) ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် (ဘုရင့်နောင်နယ်မြေ) ၌ Taxi ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ အမျိုးသား ၃ ဦးနှင့် ထန်းတပင်မြို့နယ်၌ ဓားဖြင့်ထိုးခုတ်၍ ဆိုင်ကယ် လုယက်ခဲ့သူ အမျိုးသား ၂ ဦးတို့အား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများနှင့်အတူ အသီးသီး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သန်လျင်မြို့နယ်နေ ဦးစိန်မြင့်ဦး (၅၁) နှစ် မောင်းနှင်သည့် Taxi မော်တော်ယာဉ်အား အမျိုးသား ၃ ဦးက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်းမကြီးရှိ Gas ဆိုင်အနီးမှ ဘုရင့်နောင်ကားကြီးဝင်းသို့ သွားရောက်ရန် ငှားရမ်းခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ စိန်ပန်းလမ်း၊ “ဗန္ဓုလ” လက်ဖက်ခြောက် ရောင်းဝယ်ရေးပွဲရုံရှေ့သို့ ရောက်ရှိစဉ် အဆိုပါ အမျိုးသား ၃ ဦးက ယာဉ်မောင်းအား ဓားမြှောင်ဖြင့်ထိုး၍ ငွေကျပ် ၁ သိန်းနှင့် Vivo ဖုန်း ၁ လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ (ပ)၁၈၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်းသိရသည်။
တရားခံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုအရ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် လုယက်မှုကျူးလွန်သူ ထန်းတပင်မြို့နယ်နေ သန်းစိုးဦး(ခ)တက်တူး (၃၅) နှစ်အား လုယက်ရရှိထားသည့် Vivo ဖုန်း ၁ လုံးနှင့်အတူ ၎င်း၏နေအိမ်၌လည်းကောင်း၊ ပါဝင်ကျူးလွန်သူများဖြစ်သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နေ မောင်မောင်ကြည် (၄၃) နှစ်နှင့် ရဲဝင်း(ခ)ကျော်စွာဝင်း (၄၃) နှစ် တို့ ၂ ဦးအား လုယက်မှုတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း၊ ပြောက်ကြားအင်္ကျီလက်ရှည် ၁ ထည်၊ ဂျင်းဂျာကင် အင်္ကျီ ၁ ထည်တို့နှင့်အတူ ၎င်းတို့၏ နေအိမ်များ၌ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အလားတူ ဩဂုတ်လ ၂၇ ရက် ညပိုင်းတွင် မှော်ဘီမြို့နယ်နေ ဦးအောင်မျိုးနိုင် (၃၈) နှစ်သည် ၎င်း၏ Wave 110 အနက်ရောင် ဆိုင်ကယ်ဖြင့် ထန်းတပင်မြို့နယ်၊ ပန်းတောကျေးရွာသို့ သွားရောက်စဉ် ကျေးရွာထိပ်အရောက်၌ နောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် အမျိုးသား ၅ ဦးက လမ်းပိတ်ဆို့ ရပ်တန့်ခိုင်းကာ ဓားဖြင့်ထိုးခုတ်၍ ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သောကြောင့် တရားခံများဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေပိတ်ဆို့ ရှာဖွေခဲ့ကြောင်းသိရသည်။
ထိုသို့ ပိတ်ဆို့ရှာဖွေခဲ့ရာ ဩဂုတ်လ ၂၇ ရက် ညပိုင်းတွင်ပင် လုယက်မှုကျူးလွန်သူ ထန်းတပင်မြို့နယ်နေ ချစ်ကိုကို (၂၃) နှစ်အား လုယက်သွားသည့် Wave 110 ဆိုင်ကယ်နှင့်အတူ မင်္ဂလာကုန်းကျေးရွာအနီး၌ လည်းကောင်း၊ မျိုးကျော်ကျော် (၃၃) နှစ်အား လုယက်မှုတွင် အသုံးပြုခဲ့သည့် LUOJIA 110 ခဲရောင် ဆိုင်ကယ်နှင့်အတူ အလိန်လည်ကျေးရွာအနီး၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ ဆိုင်ကယ်လုယက်မှုတွင် ပါဝင်သူများဖြစ်သည့် ထန်းတပင်မြို့နယ်နေ ကိုကောက် (၃၈) နှစ်၊ ကိုတင်ဇာဝင်း(ခ)ဝတုတ် (၂၇) နှစ်နှင့် လှိုင်သာယာမြို့နယ်နေ ဦးသန်းတိုးအောင် (၃၅) နှစ် တို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဓားထိုးလုယက်မှု ကျူးလွန်ခဲ့သူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှာ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။