တနင်္သာရီတွင် မိုးသည်းထန်၍ မြေပြို၊ ပြည်ထောင်စုလမ်းမကြီးပေါ် သစ်ပင်များလဲကျပြီး လမ်းရှင်းလင်းရေး ဆောင်ရွက်

(ပြည်တွင်း) ဩဂုတ် ၂၀

တနင်္သာရီမြို့နယ်တွင် ဩဂုတ် ၁၉ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုကျမှုနှင့် လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ အောက်ကင်းအနောက်ကျေးရွာ ဓားသွေးချောင်းတံတားအလွန် မိုင်တိုင်အမှတ် (၀၂) အနီးတွင် မိုးသည်းထန်မှုကြောင့် မြေပြိုကျခဲ့ရာ အဆိုပါနေရာ၌ လမ်းရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဆိုင်ကယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လယ်တောင်ယာကျေးရွာအနီးတွင် လဲကျနေသည့် သစ်ပင်များကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း တနင်္သာရီမြို့အဝင် တံတားထိပ်အနီး၌ ကမ်းပါးအနည်းငယ် ပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်အဖွဲ့များက ပြည်သူများ သွားလာရေးအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ရှင်းလင်းပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။