မြောင်းမြမြို့နယ် ရွေးမြစ်အတွင်း စပါးတင်စက်လှေ တိမ်းမှောက်၊ လူတစ်ဦး ပျောက်ဆုံးနေ

(မှုခင်း) ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဝဲချောင်းကျေးရွာအနီး ရွေးမြစ်အတွင်းတွင် စပါးတင်ဆောင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခန့်က စပါး ၁,၅၀၀ ဆံ့ စက်လှေတစ်စီးသည် ရွေးမြစ်အတွင်း သွားလာနေစဉ် တစ်ဖက်မှလာသည့် စီဘီတွဲသင်္ဘောအား ရှောင်တိမ်းရာမှ ကမ်းနံဘေးရှိ လတာပြင်တွင် မေးတင်ခဲ့ပြီး စက်လှေ၏ ပဲ့ပိုင်းအတွင်း ရေဝင်နစ်မြုပ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း လူတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် မြောင်းမြမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်လှေတစ်စီးဖြင့် သွားရောက်ကာ ပျောက်ဆုံးသူအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

သို့သော် ပျောက်ဆုံးသူအား ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ရှာဖွေရေးလုပ်ငန်းများကို ည ၉ နာရီ ၄၀ မိနစ်တွင် ယာယီရပ်နားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN