ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲတိုင်း အနိုင်ရရှိရေး စည်းရုံးဆောင်ရွက်ရန် USDP ဥက္ကဋ္ဌ ဦးခင်ရီ တိုက်တွန်း

(နိုင်ငံရေး) ဩဂုတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် ပုသိမ်မြို့၌ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဗဟိုကော်မတီအစည်းအဝေးနှင့် ပါတီညီလာခံကျင်းပမည့် ကိစ္စရပ်များ၊ ပါတီဖွဲ့စည်းမှုများကို ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ကျင်းပသည့် ရွေးကောက်ပွဲတိုင်း အနိုင်ရရှိရေး စည်းရုံးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။

ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက ပါတီညီလာခံကျင်းပမည့် အသေးစိတ်အချက်အလက်များနှင့် ပါတီဖွဲ့စည်းမှုဆိုင်ရာ စည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များ လျာထားဖွဲ့စည်းမှု၊ တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပါတီဌာနချုပ်သို့ ပေးပို့တင်ပြမည့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ဖွဲ့စည်းထားသည့် ပါတီဖွဲ့စည်းမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ တိုင်း၊ ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း ၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN